Border News Agency
ဒူးပလာယာခရိုင်၊ ဖေဖော်ဝါရီ ၇။
ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ ကော်သူးလေအမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့တောင်းဆိုချက်ခုနှစ်ချက်ကို တောင်းဆိုလိုက်ပါတယ်။
အဲဒီတောင်းဆိုချက်တွေထဲမှာ အမျိုးသမီးတွေအတွက်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေကို ကော်သူးလေနယ်မြေအတွင်း အကောင်အထည်ဖော်ပေးဖို့၊ KNU ရဲ့ ကျား / မ ရေးရာမူဝါဒကို အမြန်ဆုံးပြဌာန်းပေးဖို့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုဦးဆောင်ခွင့်ရဖို့ အလေးထားတောင်းဆိုထားပါတယ်။
အဲဒီအပြင် ဒေသတွင်းသယံဇာတစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုထည့်သွင်းပေးဖို့ ပါဝင်ပါတယ်။
နောက်ပြီးဒေသတွင်း အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်လုပ်ငန်းတွေပပျောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ကိုလည်း တောင်းဆိုထားတာပါ။
အဲဒီဆွေးနွေးပွဲကို ကော်သူးလေအမျိုးသမီးကွန်ရက် (KWN) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်းတရာကျော် တက်ရောက်ခဲ့ကြပါတယ်။

































