Border News Agency
ရန်ကုန်၊ မေ ၁၆။
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နေတာကြောင့် အလှကုန်ပစ္စည်း ၃ မျိုးကို အများပြည်သူသုံးစွဲတာမလုပ်ဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီအလှကုန် ၃ မျိုးဟာ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က စစ်ဆေးတွေ့ရှိခဲ့တဲ့ Glowing / Night Treatment၊ Glowing Herbal Treatment နဲ့ ROSE / White & Natural Cream Moisturizer တို့ဖြစ်ကြပါတယ်။
အာဆီယံဒေသတွင်း စောင့်ကြည့်စနစ် (PMAS) အရ အဲဒီအလှကုန်တွေမှာ အရေပြားကိုပျက်စီးစေရုံတင်မကဘဲ ကျောက်ကပ်အထိ ထိခိုက်စေနိုင်တဲ့ ပြဒါး (Mercury)၊ Hydroquinone နဲ့ Betamethasone စတဲ့ တားမြစ်ဓာတုဆေးဝါးတွေ ပါဝင်နေတာပါ။
အဲဒီဓာတုပစ္စည်းတွေဟာ ရေရှည်သုံးစွဲပါက ခန္ဓာကိုယ်အတွင်းစုပ်ယူသွားပြီး ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ကျရောဂါ ခံစားရတာအပြင် ကျောက်ကပ်ပျက်စီးတဲ့အထိ ပြင်းထန်နိုင်တယ်လို့ဆိုပါတယ်။
FDA အနေနဲ့ အွန်လိုင်းရှော့ပင်းတွေနဲ့ လက်လီလက်ကားဆိုင်တွေကို အဲဒီတားမြစ်အလှကုန်တွေဖြန့်ဖြူးရောင်းချတာ လုံးဝမပြုဖို့တားမြစ်ထားပြီး လိုက်နာတာမရှိရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။




