Border News Agency
ထိုင်း၊မေ ၁၆။
ထိုင်းနိုင်ငံအမျိုးသားကူးစက်ရောဂါဆိုင်ရာကော်မတီ (NCDC) ကဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိ ကူးစက်ရောဂါအဖြစ် မေလ ၁၅ ရက်နေ့မှာတရားဝင် သတ်မှတ်လိုက်ပြီး ဒါဟာ ထိုင်းနိုင်ငံရဲ့ အထူးသတိထားရမယ့် ၁၄ ခုမြောက် ရောဂါဖြစ်လာပါတယ်။
အဲဒီဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ကျောက်ကပ်ပျက်စီးမှုတွေကို ဖြစ်စေနိုင်သလို လူအချင်းချင်း ကူးစက်နိုင်ခြေရှိတာကြောင့် ရောဂါပိုးရှိသူနဲ့ ထိတွေ့မိသူတွေကို ၄၂ ရက်တိုင်တိုင် ကွာရန်တင်းထားရှိ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
ရောဂါထိန်းချုပ်ရေး အစီအမံသစ်အရ သံသယဖြစ်ဖွယ်လူနာတွေ့ရှိပါက ၃ နာရီအတွင်း အစီရင်ခံရမှာဖြစ်ပြီး ၁၂ နာရီအတွင်း ရောဂါစုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ရမှာပါ။
ရောဂါလက္ခဏာတွေအနေနဲ့ အဖျား ၃၈ ဒီဂရီထက်ကျော်တာ၊ ချမ်းတုန်တာ၊ ဗိုက်အောင့်တာနဲ့ ကြွက်သားနာကျင်တာတွေ ဖြစ်တတ်ပြီး ပြင်းထန်ပါက အသက်ရှူရခက်ခဲကာ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်ထားသလို ကြွက်နဲ့ထိတွေ့ဖူးသူတွေ ဒါမှမဟုတ် ရောဂါဖြစ်ရာဒေသက ပြန်လာသူတွေအနေနဲ့ လက္ခဏာပြပါက ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ တိုက်တွန်းထားပါတယ်။






