Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။
သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






