Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၁၃။
ထိုင်းနိုင်ငံ၊ စံထဘူရီခရိုင် (Chanthaburi) နယ်စပ်မှာ တရားမဝင်ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုပို့ပေးတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို ဖုန်း ၄၄ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးဗဟိုရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီ ၁၂ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစံထဘူရီခရိုင်၊ စွယ်ဒေါမြို့နယ် (Soi Dao) အတွင်းရှိအဝေးပြေးလမ်းမတခုမှာ အဝေးပြေးရဲတပ်ဖွဲ့ (Highway Police) က မော်တော်ယာဉ်တွေကို စစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိချိန်မှာ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ သူတို့ကိုကားနဲ့သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၄ လုံးကိုပါသိမ်းဆည်းရမိခဲ့ပြီး အဲဒီဖုန်းတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Gang) လုပ်ငန်းတွေအတွက် အသုံးပြုတဲ့ဖုန်းတွေဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကသုံးသပ်ထားပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲက ထိုင်းနိုင်ငံသား ၂ ဦးကို တရားမဝင် ဝင်ရောက်လာသူတွေကို ကူညီပို့ဆောင်ပေးမှုနဲ့ စွဲချက်
တင်ထားပြီး တရုတ်နိုင်ငံသား ၁၂ ဦးကိုတော့ ခွင့်ပြုချက်မရှိဘဲနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာမှုနဲ့ အရေးယူထားပါတယ်။
ထိုင်းနိုင်ငံနယ်စပ်နဲ့ မြို့ကြီးတွေမှာဖေဖော်ဝါရီလ ပထမနှစ်ပတ်အတွင်းမှာပဲ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ဆက်နွှယ်တဲ့ တရုတ်နိုင်ငံသားဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။
အဲဒီတရားခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေတဆင့် ထိုင်းနိုင်ငံအတွင်းကို တောလမ်းကနေခိုးဝင်လာကြပြီး နည်းပညာပစ္စည်းတွေနဲ့အတူ အခြားဒေသတွေကို ဆက်လက်သွားရောက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတစ်ဝှမ်းမှာ တရားမဝင်ဝင်ရောက်မှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးခံရတဲ့တရုတ်နိုင်ငံသား စုစုပေါင်း ၃၀ ဦးထက်မနည်း ရှိနေပြီလို့ CIB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာရဲတပ်ဖွဲ့အနေနဲ့ သိမ်းဆည်းရမိတဲ့ ဖုန်းတွေကိုစစ်ဆေးနေပြီး နောက်ဆက်တွဲအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။






