မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေက မြေပြင်စစ်ကြောင်းထိုးဖို့ ခက်ခဲတဲ့ကျေးရွာတွေကို ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံး၊အက်ဆစ်ဗုံးတွေနဲ့တိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရှိရပါတယ်။
စစ်ကော်မရှင်ဘက်က မြေပြင်ကနေ ဝင်ရောက်ဖို့ အခက်အခဲရှိတဲ့နေရာတွေကို အခုလို ဒရုန်းနည်းပညာသုံးပြီး အရပ်သားကျေးရွာတွေအထိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ တော်လှန်ရေးရဲဘော်တချို့မှာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အက်ဆစ်လောင်ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်ရတဲ့အထိ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကတော့ ဒါဟာ မိမိတို့ယုံကြည်ချက်ကြောင့် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ နောက်မဆုတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်းနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှထောက်ပံ့ကူညီသူတွေဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ရှိလာနိုင်ပေမယ့် မြေပြင်မှာ အသက်နဲ့ခန္ဓာကို ရင်းပြီး တိုက်ပွဲဝင်နေရတဲ့ရဲဘော်တွေရဲ့ အခြေအနေကို ကိုယ်ချင်းစာကြည့်ပေးဖို့လည်းတိုက်တွန်း နှိုးဆော်ထားပါတယ်။
နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးအခြေအနေက ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။










