Border News Agency (BNA)
ပုလဲ၊ ဖေဖော်ဝါရီ ၁၉။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့ဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် စစ်အင်အားအသုံးပြုပြီး မလွှဲမရှောင်သာဖယ်ရှားရှင်းလင်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၉ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။
အဲဒီ ဗိုလ်နဂါးနဲ့ သူရဲ့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်တာတွေအပြင် တရားမဝင်အခွန်ဂိတ်တွေဖွင့်ပြီး အများပြည်သူသွားလာမှုကို အနှောင့်အယှက်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ NUG တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာနဲ့ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့တာတွေအတွက် ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အခုလို အရေးယူဆောင်ရွက်တာဟာ သာမန်တရားဥပဒေစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကိုဖယ်ရှားဖို့ စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။
ဒီလုပ်ငန်းစဉ်အတွင်း ပြည်သူလူထု ထိတ်လန့်စိုးရိမ်ခဲ့ရတာအတွက် ဝန်ကြီးဌာနအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ BNRA အဖွဲ့ဝင်တွေအနေနဲ့တော့ မိမိတို့ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေမှာပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။





