Border News Agency
တောင်ကိုးရီးယား၊ ဖေဖော်ဝါရီ ၁၉။
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ကို ၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီနေ့မှာ အလုပ်ကြမ်းနဲ့တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကသိရပါတယ်။
အဲဒီ ယွန်းဆော့ယောဟာ စစ်တပ်ကိုအသုံးပြုပြီး လွှတ်တော်ကိုပိတ်ဆို့တာ၊ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးဖို့ကြိုးပမ်းတာတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် သူနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟျွန်းကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးအပြင်ဘက်မှာ လူထုအုပ်စုနှစ်စုကအပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။
ဒီမိုကရေစီကို ဖျက်ဆီးသူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့တောင်းဆိုပြီး အောင်ပွဲခံသူတွေရှိသလို တချို့ကလည်း ဒီစီရင်ချက်ဟာ နိုင်ငံရေးအရလက်စားချေတာဆိုပြီး “ယွန်းကို နောက်တစ်ကြိမ် အလိုရှိတယ်” လို့ ကြွေးကြော်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။
ယွန်းဆော့ယောဟာ တောင်ကိုရီးယား ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုနဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျတဲ့ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်လာပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ဒီစီရင်ချက်ကိုလက်မခံဘဲ အယူခံဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။




































