အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုဖမ်းဆီးလွှဲပြောင်းနိုင်ရေး ဦးဆောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတိုက်တွန်းလိုက်ပါတယ်။
အဲဒီ တီမောလက်စတေးနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ဒေသတွင်းငြိမ်းချမ်းရေးအတွက် တာဝန်ယူမှုရှိတဲ့ ဦးဆောင်မှုကို ပြသလာခဲ့တာဟာ အာဆီယံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ SAC-M က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်တွေမှာ မလေးရှား၊စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့လည်း ပူးပေါင်းပါဝင်သင့်တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလအစောပိုင်းက တီမောလက်စတေးနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတစ်ဦး ခန့်အပ်ခဲ့ပါတယ်။
ဒါဟာ အာဆီယံသမိုင်းတလျှောက် အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံအပေါ် ဥပဒေအရ စတင်အရေးယူဖို့ ကြိုးပမ်းတဲ့ ပထမဆုံးသော လုပ်ရပ်လည်း ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုဟာ အာဂျင်တီးနားတရားရုံးက အရာရှိ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ထားတာ၊ ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာနဲ့ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုတွေအပြင် နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။
စစ်အုပ်စုကတော့ တီမောလက်စတေး သံအရာရှိကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့ပေမယ့် စစ်တပ်ကြောင့်လူသန်းချီ နေရပ်စွန့်ခွာရမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ ဒေသတွင်း ပြဿနာတွေ ဖြစ်နေပြီလို့ SAC-M က ထောက်ပြထားပါတယ်။
စစ်ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေတာက မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီအနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်သလို အာဆီယံရဲ့ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့လည်းဆိုပါတယ်။






