Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၅။
ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာဏာသိမ်းစစ်တပ်တို့ စက်တင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နယ်စပ်ဂိတ်တွေပြန်ဖွင့်ရေး အပါအဝင် အချက်ငါးချက်ကို ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေး၊ MNDAA ရဲ့ နိုင်ငံရေးတရားဝင်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စ၊ နယ်စပ်ဂိတ်တွေပြန်ဖွင့်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တိုက်ဖျက်ရေးနဲ့ နိုင်ငံရေးပါတီတည်ထောင်ကာရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အပြင် အားလုံးပါဝင်နိုင်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့တွေ့ဆုံဆွေးနွေးမှုတွေမှတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲသို့ ကိုးကန့်ဘက်မှ အထွေထွေအတွင်းရေးမှူး (၂)၊ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဖုန်ဝင်းနိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
ကိုးကန့်တပ်ဟာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအပါအဝင် ရှမ်းမြောက်ဒေသရှိ သိန္နီ၊ ကွတ်ခိုင်၊ တားမိုးညဲ၊ ပန်ဆိုင်၊ ကွမ်းလုံ၊ ကုန်ကြမ်းနဲ့ လောက်ကိုင် စတဲ့ မြို့ပေါင်းများစွာကို စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။












