Border News Agency
မကွေး၊ စက်တင်ဘာ ၂၅။
မကွေးတိုင်း၊မင်းဘူးခရိုင်မှာ အာဏာသိမ်းစစ်တပ်ကအဓမ္မစစ်မှုထမ်းခိုင်းတာခံရတဲ့ ပြည်သူ့စစ်သုံးဦးအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၁)တပ်ရင်းက စက်တင်ဘာလ ၂၄ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာသူတွေဟာ စစ်မှုထမ်းအပတ်စဉ် (၁၄) မှတဦးနဲ့ အပတ်စဉ် (၂၆) မှနှစ်ဦးတို့ဖြစ်ကြပြီး လက်ရှိမှာတော့ တပ်ရင်းရဲ့ စိုးမိုးနယ်မြေအတွင်း မိသားစုနဲ့အတူအေးချမ်းလုံခြုံစွာနေရာချထားပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဘက်က တပ်သားတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစုဆောင်းခံထားရသူတွေအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ်ဆိုရင် နွေးထွေးစွာကြိုဆိုသွားမှာဖြစ်သလို လူ့အခွင့်အရေးအပြည့်အဝပေးသွားမယ်လို့လည်း အသိပေးထားတာပါ။
အဲဒီအလင်းဝင်ရောက်လာသူတွေအနေနဲ့ လက်နက်နဲ့ခဲယမ်းတွေယူလာရင် ထိုက်တန်တဲ့ဂုဏ်ပြုဆုငွေတွေချီးမြှင့်သွားမှာဖြစ်ပြီး ပြည်သူနဲ့ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီမြန်မြန်ဆန်ဆန် အလင်းဝင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။












