Border News Agency
ထိုင်း၊မတ် ၁။
ထိုင်းနိုင်ငံ၊Bueng Kanခရိုင်အတွင်းမှာ ဘတ် ၃၀ သန်းကျော်တန်ဖိုးရှိ အိုက်စ် ၁၉၅ ကီလိုဂရမ်ကို ထိုင်းအထူးတပ်ဖွဲ့ ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
Bueng Kan ခရိုင်အတွင်းကို မူးယစ်ဆေးဝါးတွေအမြောက်အမြား ခိုးယူသယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ အမှတ် ၂၁၀၈အထူးခြေလျင်တပ်ရင်းနဲ့ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ နယ်စပ်တလျှောက်မှာ စောင့်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို စောင့်ဆိုင်းခဲ့ချိန် ကာလတန်ဖိုး ဘတ် ၃၀ သန်းကျော်တန်ဖိုးရှိတဲ့ အိုက်စ် ၁၉၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးမှုမှာ အထူးခြေလျင်တပ်ရင်းနဲ့အတူ အဝေးပြေးရဲတပ်ဖွဲ့၊ နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး သံသယဖြစ်ဖွယ်ကားတစီးကို စောင့်ကြည့်ခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီကားဟာ သတ်မှတ်ထားတဲ့နေရာမှာ လာရောက်ရပ်နားပြီးနောက် လူတစုကပစ္စည်းတချို့ကို ကားပေါ်အမြန်တင်ကာ မောင်းထွက်သွားတဲ့အတွက် တာဝန်ရှိသူတွေက ချက်ချင်းလိုက်လံတားဆီးပြီး စစ်ဆေးခဲ့တာလို့ဆိုပါတယ်။
ကားကိုစစ်ဆေးရာမှာတော့ ကားနောက်ခန်းမှာ အထုပ်ကြီး ၃ ထုပ်နဲ့ ကားအတွင်းခန်းထဲမှာ ၁ ထုပ်၊ စုစုပေါင်း ၄ ထုပ် ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီအထုပ်တွေထဲမှာ အဆင့် ၁ မူးယစ်ဆေးဝါး အိုက်စ် ၁၉၅ ကီလိုဂရမ်ကို သေချာထုပ်ပိုးပြီး သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံတွေကို ဘုံကလာခရိုင်၊ နောင်ဒိန်ကျေးရွာရှိ အမှတ် ၂၁၀၈ အထူးခြေလျင်တပ်ရင်းဌာနချုပ်ဆီခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပြီး အရေးယူနိုင်ဖို့သက်ဆိုင်ရာဌာနေတွေဆီ လွဲပြောင်းပေးထားတယ်လို့ဆိုပါတယ်။












