Border News Agency
ဒူဘိုင်း၊ မတ် ၁။
အီရန်နိုင်ငံရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့က ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိခိုက်မှုတွေရှိခဲ့ပြီး လေဆိပ်ဝန်ထမ်း ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒူဘိုင်းမီဒီယာတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဲဒီလေဆိပ်အတွင်း အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကို ချက်ချင်းချထားပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းနေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒူဘိုင်းလေဆိပ်တင်မကဘဲ အဘူဒါဘီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ လေကြောင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီထိခိုက်မှုတွေဟာ ဒုံးကျည်တိုက်ရိုက်ထိမှန်တာလား ဒါမှမဟုတ် ဒုံးကျည်ကိုကြားဖြတ်ပစ်ချရာကနေကျလာတဲ့ အပျက်အစီးတွေကြောင့်လားဆိုတာကိုတော့ တိတိကျကျစုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်နဲ့အစ္စရေးက အီရန်ကိုတိုက်ခိုက်ပြီးနောက် အီရန်ဘက်က ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဒိုဟာမြို့တွေဆီ ဒုံးကျည်တွေနဲ့ လက်စားချေပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အယ်လ်မာတမ် (Al Maktoum) လေဆိပ်နှစ်ခုစလုံးက လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားပါတယ်။
ကြိုတင်စီစဉ်ထားတဲ့ အရေးပေါ်အစီအစဉ်တွေအရ ခရီးသည်အများစုကို လေဆိပ်ထဲကနေဘေးကင်းရာကို ဖယ်ရှားပေးခဲ့ပြီး ခရီးသည်တွေအနေနဲ့ လေဆိပ်ကိုမလာကြဖို့ အာဏာပိုင်တွေက အလေးအနက်တိုက်တွန်းထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း လေကြောင်းခရီးစဉ်တွေလည်း အကြီးအကျယ်ထိခိုက်နေပြီး Emirates နဲ့ flydubai လေကြောင်းလိုင်းတွေက ပြေးဆွဲမှုတွေကို ရပ်တန့်ထားပါတယ်။
Etihad လေကြောင်းလိုင်းကလည်း တနင်္ဂနွေနေ့မနက်ပိုင်းအထိ အဘူဒါဘီကနေ ထွက်ခွာမယ့်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦးဖြစ်တဲ့ Burj Khalifa အနားက အဆောက်အဦးတခုကိုလည်း အီရန်ဒုံးကျည် ထိမှန်ပေါက်ကွဲခဲ့တာကြောင့် Burj Khalifa အတွင်းရှိတဲ့ လူတွေကိုပါ ဘေးလွတ်ရာကို ခေါ်ထုတ်ထားရတယ်လို့ဆိုပါတယ်။






