Border News Agency
အမေရိကန်၊ မတ် ၅။
ကာတာနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ဦးတည်လာနေတဲ့ အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ကကြားဖြတ်ဟန့်တားပြီး ပစ်ချလိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်၊ မနက်ပိုင်းက အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ဗုံးနဲ့ခဲယမ်းတွေအပြည့်တင်ဆောင်လာတဲ့ Su-24 ဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်းကျော်ရှိတဲ့ Al-Udeid လေတပ်စခန်းနဲ့ ကာတာစီးပွားရေးအတွက်အရေးပါတဲ့ သဘာဝဓာတ်ငွေ့စက်ရုံရှိရာ အရပ်တွေကိုတိုက်ခိုက်ဖို့စေလွှတ်ခဲ့တယ်လို့ဆိုပါတယ်။
အီရန်လေယာဉ်တွေဟာ ရေဒါကိုရှောင်ကွင်းဖို့အတွက် အောက်ခြေပေ ၈၀ အကွာအထိနိမ့်ဆင်းပျံသန်းခဲ့ပြီး ပစ်မှတ်နဲ့နှစ်မိနစ်အကွာအထိ နီးကပ်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ကာတာဘက်ကရေဒီယိုကနေ သတိပေးခဲ့ပေမယ့် တုံ့ပြန်မှုမရှိတာကြောင့် F-15QA တိုက်လေယာဉ်တွေနဲ့ ဝေဟင်တိုက်ပွဲဖြစ်ပွားပြီးနောက် အီရန်လေယာဉ်တွေကို ပစ်ချလိုက်တာလို့ ဆိုပါတယ်။
ဒါဟာ အီရန်ခေါင်းဆောင်ကြီးခါမေနီအသတ်ခံရပြီးနောက်ပိုင်း အီရန်ဘက်ကပထမဆုံးအကြိမ်လေယာဉ်နဲ့တိုက်ခိုက်ဖို့ ကြိုးစားမှုဖြစ်သလို ကာတာလေတပ်အတွက်လည်း ပထမဆုံးအကြိမ် ဝေဟင်တိုက်ပွဲဝင်မှု ဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်ဘက်ကလည်း ဒီဖြစ်ရပ်ကိုအတည်ပြုထားပြီး ပစ်ချခံရတဲ့လေယာဉ်တွေဟာ ကာတာပိုင်နက်ရေပြင်ထဲကို ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင်ကြီးခါမေနီသေဆုံးသွားပြီးနောက်ပိုင်း အီရန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်ပေါင်း ၄၀၀ ကျော်နဲ့ ဒရုန်း ၁ ထောင်ကျော်သုံးပြီး တုံ့ပြန်တိုက်ခိုက်နေတာကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။






