Border News Agency
နမ့်ဖတ်ကာ၊ မတ် ၉။
တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်မှာ မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးတလုံးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က မတ်လ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနမ့်ဖတ်ကာမြို့နယ်၊ ပန်ဂျရော့ပ်ကျေးရွာမှာနေထိုင်တဲ့ အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ဦးယိုင်ဒဲ့ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီဦးယိုင်ဒဲ့ဟာမတ်လ ၆ ရက်၊ မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးသွေးဖုတ်တဲ့နေရာအနီးမှာ မပေါက်ကွဲရသေးတဲ့ လက်နက်ကြီးနှစ်လုံးတွေ့ရှိပြီး ကိုင်ယူနေချိန်ပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဦးယိုင်ဒဲ့ရဲ့ ညာဘက်ခြေထောက်တဖက် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ပေါက်ကွဲတဲ့နေရာကိုသွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒဏ်ရာရသွားသူ ဦးယိုင်ဒဲ့ကိုဆေးကုသဖို့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း သာမဏေတပါးဟာ ပန်ဂျရော့ပ်ဘုန်းကြီးကျောင်းအနီးမှာ လက်ပစ်ဗုံးတလုံးကိုကောက်ယူဆော့မိရာမှပေါက်ကွဲမှုဖြစ်ပြီး ခြေတဖက်ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။






