Border News Agency
အီရန်၊ မတ် ၁၆။
၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစပိုင်းကာလတွေမှာ အီရန်ဟာ ဗြိတိန်အင်ပါယာနဲ့ရုရှားအင်ပါယာကြားကအားပြိုင်ရာကွင်းပြင်ဖြစ်ပါတယ်။
အဲဒီလိုအားပြိုင်ရာကွင်းပြင်ဖြစ်တော့ အီရန်အပေါ် ဩဇာလွှမ်းမိုးဖို့က ဗြိတိန်နဲ့ရုရှား နှစ်ဖက်စလုံးက အားထုတ်ကြပါတယ်။
၁၉၀၅ ခုနှစ်၊အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတော်လှန်ရေးရဲ့ကနဦးမီး ပွားစဖြစ်စဉ်က ရုရှားဆီကို ပေးရမယ့် အကြွေးကိစ္စကို ကန့်ကွက်လို့ဖြစ်တာပါ။
အုပ်ချုပ်သူတွေရဲ့ဗီဇ
အဲဒီကာလမှာ အီရန်ရဲ့ အခြေအနေကလည်းအရမ်းကို အကျပ်အတည်းဆိုက်နေပါပြီ။
အဲဒီတော့ ကာဂျာစ်ဘုရင်က ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်ကို လိုက်လျောပြပေးပါတယ်။
၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှာ သူ့ရဲ့ ဝန်ကြီးချုပ်ကိုဖြုတ်ချပြီး တရားရေး ရာလွှတ်တော်ကို အာဏာပေးလိုက်ပါတယ်။
အဲဒီလိုနဲ့အခြေအနေဟာ အေးဆေးဖြစ်သွားပြီထင်ရပေမယ့် ရလဒ်ကအဲဒီလိုမဟုတ်ပါဘူး။
၁၉၀၆ခုနှစ်၊အစောပိုင်းကာလ ဆန္ဒပြသူတွေနဲ့ ကာဂျာစ်ဘုရင်တပ်တွေ အပြန်အလှန်တိုက်ခိုက်ကြတုန်း တမန်တော်မိုဟာမက်ရဲ့မျိုးရိုးအနွယ်ဝင်တဦးဟာ ကာဂျာစ်ဘုရင်တပ်လက်ချက်နဲ့သေ ဆုံးသွားပါတယ်။
ကော့ဆပ်ဘက်မှာပါ လူသေမှုတွေ ရှိလာပြီး ဘာသာရေးဆရာအူလမာတွေလည်း ဆန္ဒပြသပိတ်မှောက်ပွဲထဲပါဝင်လာပါတယ်။
အုပ်ချုပ်သူဆိုတာ မတတ်သာလို့ လိုက်လျောရရင်တောင် လူထုကို ဖြိုခွင်းဖိနှိပ်ဖို့ အကျင့်ရှိနေပြီးသားဆိုတာကိုပါ။
ဗြိတိန်အတွက်အကျိုးအမြတ်
အဲဒီကြားထဲ အီရန်လူထုနဲ့ရုရှားကြား မျက်နှာချင်းဆိုင်ပြဿနာဖြစ်နေရင် အ ကျိုးအမြတ်က ဗြိတိန်အတွက် ကောင်းတာဖြစ်တော့ ဗြိတိန်ကလည်း ဆန္ဒပြပွဲတွေကို တဖက်လှည့်နဲ့ထောက်ခံနှမ်း ဖြူးပေးပါတယ်။
ကုမ်(Qom)မြို့က ဆန္ဒပြသူတွေကတော့ အကာအကွယ်ရအောင် ဘာသာရေးကျောင်းပရဝဏ်တွေထဲမှာ စုဝေးကြပါတယ်။
တီဟီရန်က ဆန္ဒပြသူကုန်သည်တွေက ကာဂျာစ်ဘုရင်တပ်တွေ အန္တရာယ်က အကာအကွယ်ရအောင် အရင်ကလို ဘာသာရေးကျောင်းတွေထဲ မသွားတော့ပါဘူး။သူတို့ဟာ ဘာသာရေးကျောင်းထဲထိ ကာဂျာစ်ဘုရင်တပ်တွေဝင်ပြီး ဖြိုခွဲတာကို သူတို့ ခံဖူးထားပါပြီ။
အဲဒီတော့ တီဟီရန်ကသူတွေ အကာအကွယ်ယူတဲ့နေရာက ဗြိတိန်သံရုံးဖြစ် လာပါတယ်။
မာဂျ်လီစ်(Majlis)ပါလီမာန်
၁၉၀၆ ခုနှစ်၊နွေရာသီကို ရောက်လာတဲ့အခါ ဗြိတိန်သံရုံးထဲက ဥယျာဉ်ခြံတွေထဲမှာ ဆန္ဒပြသူ ၁၂၀၀၀ ခန့်စခန်းချနေကြပါပြီ။
အဲဒီဥယျာဉ်ခြံကို သူတို့ဆန္ဒပြသပိတ်မှောက်ရင်း ပြောဆိုဆွေးနွေးနေကြတော့ ဟင်းလင်းပြင်နိုင်ငံရေးသိပ္ပံကျောင်းလို့တောင် တင်စားကြပါတယ်။
ကာဂျာစ်ဘုရင်ရဲ့အာဏာကို ကန့်သတ်ပြီး ပါလီမာန်ကို ဖွဲ့စည်းဖို့ကသူတို့တောင်းဆိုချက်ပါ။ အီရန်ဘာသာစကားအရ ပါလီမန်လွှတ်တော်ကို မာဂျ်လီစ် (Majlis)လို့ခေါ်ပါတယ်။
၁၉၀၆ ခုနှစ်၊ဩဂုတ်မှာ ကာဂျာစ် ဘုရင် မိုဇဖ်ဖာအက်ဒင်ရှား(Mozaffar ad-Din Shah)က တောင်းဆိုချက်တွေကို လိုက်လျောပေးရပါတော့တယ်။ ပါလီမာန်အတွက် ရွေးကောက်ပွဲကို ကျင်းပတော့ ကိုယ်စားလှယ် ၁၅၆ ဦးပေါ်လာပါတယ်။ အများစုက တီဟီရန်က ဖြစ်ပြီး ကုန်သည်လူတန်းစားတွေများပါတယ်။
၁၉၀၆ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံလုံးဆိုင်ရာအတိုင်ပင်ခံညီလာခံကို ပထမဆုံးအကြိမ် ခေါ်ယူပါတယ်။ ကာဂျာစ်ဘုရင်မိုဇဖ်ဖာအက်ဒင်ရှား (Mozaffar ad-Din)က ညီလာခံကို လာတက်ပါတယ်။
သူ့သားဖြစ်သူ မိုဟာမက်အလီရှားကာဂျာရ်(Mohammad Ali Shah Qajar)က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဝါဒကို လုံးဝဆန့်ကျင်ပါတယ်။
အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာဂျာစ်ဘုရင်မိုဇဖ်ဖာအက်ဒင်ရှားရှိနေတုန်းမှာ မြန်မြန်အတည်ပြုလိုက်မှအဆင်ပြေမယ့်သဘောမှာရှိပါတယ်။
နိုင်ငံလုံးဆိုင်ရာအတိုင်ပင်ခံညီလာခံက ဘယ်လ်ဂျီယံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို နမူနာကျောရိုးယူပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေသစ်ကိုချပြလာနိုင်ပါတယ် ။
၁၉၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ ကာဂျာစ်ဘုရင်မိုဇဖ်ဖာအက်ဒင်ရှားက လူထုဆန္ဒကိုလိုက်လျောပြီး ဖွဲ့စည်းပုံကို အတည်ပြုလက်မှတ်ထိုးပေးလိုက်ပါတယ်။
အဲလိုလက်မှတ်ထိုးပြီး သုံးရက်အကြာမှာ ကာဂျာစ်ဘုရင်မိုဇဖ်ဖာအက်ဒင်ရှားလည်း ကွယ်လွန်ပါတော့တယ်။
သူကွယ်လွန်တော့ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ဆန့်ကျင်ကွန့်ကွက်တဲ့သားဖြစ်သူမိုဟာမက်အလီရှားကာဂျာစ်က ဘု ရင်ဖြစ်လာပါတယ်။အီရန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတခုရှိလာပါပြီ။
ညီညွတ်မှုဝါးဒတ်(Vahdat)ထဲက အတွင်းစည်ထိပ်တိုက်တိုးမှုတွေ
အီရန်ဟာ ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ပြန်လည်ရင်ဆိုင်ရာမှာဘာသာရေးအ လွှာ၊ပညာတတ်လူလတ်တန်းစားအလွှာ၊ ကုန်သည်၊ သာမာန်လူထုတွေက ညီညွှတ်မှု(ဝါးဒတ်)ရှိတဲ့အချိန်၊ ဘုံဦးတည်ချက်ရှိလာတဲ့အချိန်မှာ ကျော်ဖြတ်နိုင်ပါတယ်။
အဲဒီဝါးဒတ်ဖြစ်သွားတဲ့အုပ်စုတွေထဲမှာ အုပ်စုတခုချင်းစီရဲ့ဖြစ်တည်မှုနဲ့အကျိုး စီးပွားက မတူကြပါဘူး။ အယူအဆပိုညင်းအရ အပြန်အလှန် အငြင်းအခုံပြုရတဲ့အုပ်စုနှစ်ခုက ဘာသာရေးအလွှာနဲ့ ပညာတတ်လူလတ်တန်းစားပါပဲ။
အဲဒီအုပ်စုနှစ်ခုစလုံးကလက်ခံနိုင်တဲ့ပဋိညာဉ်တွေကို ခေါင်းမီးတောက်လုမမတ်ရှာဖွေနေရပါတယ်။
အဲဒီပဋိညာဉ်မရှိရင် အီရန်လူ့အဖွဲ့အစည်းပြဿနာ၊ပဋိပက္ခ၊ဖိနှိပ်မှုတွေနဲ့မလွတ်ပါဘူး။
လက်ရှိမျက်မှောက်ခေတ်ထိ အီရန်လူ့ အဖွဲ့အစည်းဟာ အဲဒီပဋိညာဉ်အတွက် ရုန်းကန်နေဆဲပါ။
အဲဒီလိုရုန်းကန်မှုကို အနည်းအကျဉ်း သဘောပေါက်ဖို့ဆိုရင် ၁၉၀၅ ခုနှစ်တုန်းက အီရန်နိုင်ငံလုံးဆိုင်ရာအကြံ ပေးညီလာခံအခင်းအကျင်းကို ကြည့်ရင် ကွင်းကွင်းကွက်ကွက် မြင်လာပါလိမ့်မယ်။
ဘုံရည်မှန်းချက်ပြီးမြောက်ပြီးနောက် အာဏာလုပ်ပိုင်ခွင့်အတွက် အပြန်အ လှန်ထိပ်တိုက်တိုးမှု
ကာဂျာစ်ဘုရင်ရဲ့အာဏာကို ကန့်သတ်သင့်တယ်ဆိုတဲ့အချက်က အီရန်ဘာသာရေးအလွှာနဲ့ နိုင်ငံရေးအလွှာကြားမှာ တူညီတဲ့အမြင်ပါ။
အဲဒါကြောင့် ကာဂျာစ်ဘုရင်ကို အာဏာကန့်သတ်ဖို့ ကြိုးစားရာမှာ အပြန်အလှန်ပူပေါင်းဆောင်ရွက်နိုင်ကြပါတယ်။
သူ့တို့မှာ ကာဂျာစ် ဘုရင်ရဲ့အာဏာကို ကန့်သတ်ချင်တယ်။ ဗြိတိန်နဲ့ ရုရှားတို့ လာပြီးချုပ်ချယ်နေတာကို မကြိုက်ပါဘူး။
သူတို့မှာ တချိန်က ပါရှားအင်ပါယာရဲ့ ဇာတိမာန်စိတ်ရှိတယ်။ ဗြိတိန်နဲ့ ရုရှားတို့ရဲ့ ချယ်လှယ်မှု၊ကာဂျာစ်ဘုရင်ရဲ့ အုပ်ချုပ်ပုံက အီရန်လူထုကို ခရုဆံကြွတ် ဘဝရောက်စေပါတယ်။
အဲဒါကြောင့်လည်း ကာဂျာစ်ဘုရင်ရဲ့ အာဏာကို ကန့်သတ်ပြီး အီရန်ကို လူတလုံး သူတလုံးဖြစ်အောင် ထူထောင်ချင်ကြပါတယ်။
အဲဒီထိတော့ ဟုတ်နေကြပါသေးတယ်။ ပြဿနာက အီရန်ကို လူတလုံးသူတလုံးဖြစ်အောင် ဘယ်လိုထူထောင်ချင်ကြတာလဲဆိုတဲ့အပိုင်းမှာတော့ အပြန် အလှန် ထိပ်တိုက်တွေ့တော့တာပါပဲ။
“ဘုံရန်သူကိုအရင်ရှင်းကြမယ်။ ပြီးမှ တူညီတဲ့ရည်ရွယ်ချက် ကတိကဝတ်တွေကို ရှာကြမယ်ဆိုတဲ့အယူအဆ”
ဘုံရန်သူ ဘုံအခက်အခဲကို အရင်ကျော် လွှား၊ပြီးမှဘုံပန်းတိုင်ရှာ ( But the alliance was based on common enemies rather than common goals)အယူအဆအောက်မှာအီရန်ရဲ့ ၁၉၀၅ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတော်လှန်ရေးကဖြစ်လာခဲ့တာပါ။
အဲဒီတော့ ကာဂျာစ်ဘုရင် မိုဇဖ်ဖာ အ က်ဒင်ရှားကလည်း သူတို့ တောင်းဆိုချက်ကို လိုက်လျောတဲ့အခါ ဘုံရန်သူ ဘုံအခက်အခဲမရှိတော့ပါဘူး။
အဲဒီတော့ အီရန်ဘာသာရေးအလွှာနဲ့နိုင် ငံရေးအလွှာကြားမှာ အီရန်ကို ဘယ်လိုပြန်လည်ဖွဲ့စည်းတာ်ဆောက်မလဲဆိုတဲ့ဘုံကတိကဝတ်က ပြဿနာဖြစ်လာပါတယ်။
အူလမာတွေရဲ့အယူအဆအထိုင်
အူလမာတွေက ဖြစ်ပေါ်လာမယ့် အီရန် လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ အခန်းဂဏ္ဍနဲ့ဩဇာကို ကျယ်ပြန့်စေချင်တယ်။
ရှိအိုက်(Shi’i Islam)အစ္စလာမ် စည်းမျဉ်းတွေကို အင်နဲ့အားနဲ့ ကျင့်သုံးချင်ပါတယ်။
ပညာတတ်လူတန်းစားရဲ့အယူအဆအထိုင်
ပညာတတ်လူတန်းစားတွေက အီရန်ရဲ့ အုပ်ချုပ်ရေးဟာ ဘာသာရေးကင်းလွတ်ချင်ပါတယ်။ သာတူညီမျှ ကောင်း စားရေး ဆိုရှယ်ဒီမိုကရေစီကို အီရန် လူ့ အဖွဲ့အစည်းအတွင်းကျင့်သုံးချင်တယ်။
အီရန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ချင်ပါတယ်။
ကုန်သည်စျေးသည်တွေရဲ့ အယူအဆအထိုင်
ကုန်သည်၊စျေးသည်တွေက စျေးကွက်ထဲက နိုင်ငံခြားထုတ်ကုန်တွေကို ကန့်သတ်ပေးချင်ပါတယ်။နိုင်ငံခြားသားတွေကို စျေးကွက်ကို လက်ဝါးကြီးအုပ်တာကို ဖယ်ရှားပေးစေလိုပါတယ်။
အဲဒီအထိုင်သုံးခုကိုကြည့်ရင် ကုန်သည်၊ စျေးသည်တွေ လိုလားချက်အကျိုး စီးပွားကလုပ်ငန်းစဉ်အရ ပိုပြီးထင်သာ မြင်သာရှိသလို စိန်ခေါ်ချက်ကလည်း ကြီးကြီးမားမားရှိပါတယ်။
ကုန်သည်စျေးသည်တွေ အကျိုးစီးပွားကိုဖော်ဆောင်မယ်ဆိုရင် ဗြိတိန်နဲ့ရုရှားကို မလွဲမသွေရင်ဆိုင်ရမှာပါပဲ။
အီရန်ကုန်သည်တွေက တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှုကို လိုချင်ပါတယ်။နိုင်ငံ ခြားတွေနဲ့ ပြဿနာဖြစ်တိုင်း အုပ်ချုပ်သူများဟာ ပြဿနာကို စည်းမျဉ်းစည်း ကမ်းအတိုင်း မကိုင်တွယ်ပါဘူး။
နိုင်ငံခြားသားတွေကိုပဲ အာဏာရှိသူက ဘက်လိုက်တဖက်သတ်ဆုံးဖြတ်မှု (arbitrary power)ကို အသုံးချနေပါတ ယ်။
အဲဒါဟာ သူတို့ရဲ့ ပစ္စည်းဥစ္စာ စည်းစိမ် ပိုင်ဆိုင်မှုကို အာမခံချက်ရလိုပါတယ်။ ဥရောပမှာလို ပါလီမာန်စနစ်သာ တည် ဆောက်လာမယ်ဆိုရင် အဲဒီပါလီမန်က အကာအကွယ်ကို သူတို့ရမယ်လို့ ထင်ကြပါတယ်။
ပညာတတ်လူတန်းစားက အင်အားန ည်းပါတယ်။အင်အားနည်းပေမယ့် တ ဖြေးဖြေးကြီးထွားနေတဲ့အုပ်စုပါ။သူတို့တွေက ဥရောပရဲ့စီးပွားရေး ဖွံ့ဖြိုးမှု၊ နှိုင်းယှဉ်သုံးသပ်စဉ်းစားမှုကို အခြေခံ
တဲ့တရားရေးစနစ် (Comparative justice)ကို လိုချင်ပါတယ်။
အာဏာရှိသူက သူစိတ်ထင်ရာအုပ်ချု ပ်ဆုံးဖြတ်နေတဲ့(Arbitrary Power) မျိုးကို မလိုချင်ပါဘူး။ပညာတတ်တွေက အီရန်လူ့အဖွဲ့အစည်းကို ကြည့်ပြီး သရု ပ်ဖော်တဲ့အခါ”အာဏာရှင်အုပ်ချုပ်မှု၊ အကျင့်ပျက်ဝန်ထမ်း၊ကျင့်ဝတ်မဲ့တရာဟောဆရာနဲ့အမှန်တရားမရှိတဲ့ တရား ရုံးလို့ ဖော်ပြကြပါတယ်။
အမျိုးသမီးအခွင့်အရေးကင်းမဲ့နေတဲ့လူ့ပတ်ဝန်းကျင်လို့လည်း ဝေဖန်ပါတယ်။
အူလမာတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး တိုက်ရိုက်အား စိုက်မှုနည်းကြပါတယ်။
အူလမာတွေက သူတို့ရဲ့ အရိုက်အရာနဲ့ အခန်းကဏ္ဍကို အားမနည်းစေချင်ပါဘူး။ဗလီကျောင်းတော်နဲ့အုပ်ချုပ်သူ ဘုရင်ကြားမှာရှိနေတဲ့အချုပ်အခြာကို အသုံးချခွင့်ကိုလည်း အားမနည်းစေချင်ပါဘူး။
အတွေးအခေါ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ကြတာက ပညာတတ်လူတန်းစားနဲ့ ဘာသာရေးအုပ်စုကြားမှာ ဖြစ်ကြတာပါ။ကုန်သည်တွေက ငွေရှိတော့ ပညာ တတ်လူတန်းစားအတွက်ရော၊ဘာသာရေးအုပ်စုအတွက်ပါ အရေးပါပါတယ်။ ပညာတတ်လူတန်းစားထဲမှာလည်း သ ဘောထားလုံးဝ ပြင်းထန်သူတွေရှိပါတယ်။
ဘာသာရေးဟာ နိုင်ငံရေးနဲ့လုံးဝကင်းလွှတ်ရမယ်ဆိုတဲ့အုပ်စုပါ။အူလမာ တွေထဲမှာလည်း သဘောထားပြင်းထန်သူတွေရှိပါတယ်။သူတို့က ရှိအိုက်အစ္စ လာမ်ဘာသာရေး စည်းမျဉ်းတွေနဲ့ပဲ တိုင်းပြည်ကို တည်ဆောက်ချင်ကြတဲ့
သူတွေပါ။
အဲဒီတော့ အီရန်ရဲ့နိုင်ငံရေးဟာ ပညာ တတ်လူတန်းစားနဲ့ဘာသာရေးအုပ်စုထဲက သဘောတရားပျော့ပျောင်းတဲ့သူတွေအင်အားကောင်းလာပြီးနှစ်ဘက်လက်ခံနိုင်လောက်တဲ့သဘောတူညီချက်တွေထွက်လာမှ တည်တည်ငြိမ်ငြိမ်ဖြစ်မယ့်သဘောပါ။
အဲဒီသဘောဟာ အဲဒီအချိန်တုန်းကပင် အစပြုပြီး ခုချိန်ထိ မှန်နေဆဲပါ။
အဲဒီသဘောတရားကို ၁၉၀၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင် အဲဒီသဘောကို တွေ့ရမှာပါ။
အီရန်ရဲ့ ၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံစည်းမျဉ်းဥပဒေ (Fundamental Law of 1906) နဲ့ ၁၉၀၇ ဖြည့်စွက် ပြင်ဆင်ချက် ဥပဒေ (Supplementary Fundamental Laws of 1907) ဆိုတာရှိပါတယ်။
ဒါဟာ ၁၈၃၁ ခုနှစ် ဘဲလ်ဂျီယံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နမူနာယူထားတာပါ။
အဲဒီအချိန်တုန်းက ဘဲလ်ဂျီယံ ဖွဲ့စည်းပုံအခြေခံဥပဒေကဥရောပမှာ စည်းမျဉ်းခံဘုရင်စနစ်တွေထဲ လက်ဘရယ်အဆ န်ဆုံး အလယ်အလတ်အကျဆုံးလို့ သ တ်မှတ်ခံထားရတာပါ။
၁၉၇၀ ခုနှစ်မှာတော့ ဘဲလ်ဂျီယံ ၁၈၃၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စွန့်ခွာပြီးအသွင်ဆန်းတဲ့ဖက်ဒရယ်စနစ်ဖွဲ့စ ည်းပုံကို ပြောင်းလဲသွားပါတယ်။
ဘဲလ်ဂျီယံ အဲဒီလို ပြောင်းလဲပြီး နောက်ကိုးနှစ်အကြာမှာ အီရန်မှာလည်း အစ္စလမ္မစ်တော်လှန်ရေးကြောင့် ဘာသာရေးတင်းကျပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပ ဒေကို အစားထိုးပြီး ခုထိကျင့်သုံးနေပါတယ်။
၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီမိုကရေစီ အခွင့်အရေးတွေပါဝင်ပါတယ်။
ဒါပေမယ့် ရှိအိုက်အစ္စလာမ်ဘာသာရေးအလွှာရဲ့ထောက်ခံမှုကို လိုချင်တာကြောင့် အမျိုးသမီးတွေကို ရွေးကော က်တင်မြောက်ခွင့်မပေးခဲ့ရပါဘူး။
ဒါကြောင့် ၁၉၀၆ ခုနှစ် ရွေးကောင်တင်မြောက်ခြင်းဥပဒေ (THE ELECTORAL LAW OF SEPTEMBER 9, 1906 ) ရဲ့ အခန်း (၁) ရဲ့ ပုဒ်မ (၃) မှာ အမျိုးသမီးတွေကို ရွေးချယ်ခံခွင့် ကန့်သတ်လိုက်ရပါတယ်။
ပညာတတ်နိုင်ငံရေးအလွှာအုပ်စုက အီရန်ကို ဘာသာရေးကို အခြေမခံတဲ့ နိုင်ငံတော်အဖြစ်တည်ဆောက်ချင်ပါတ ယ်။
ဒါပေမယ့် ဘာသာရေးအလွှာရဲ့ ထောက်ခံမှုကို လိုနေတာကြောင့် ၁၉၀၇ ခုနှစ် အခြေခံမူစည်းမျဉ်းများ ပြန်လည်ဖြည့်စွက်မှုဥပဒေ( THE SUPPLEMENTARY FUNDAMENTAL LAWS OF OCTOBER 7, 1907)ရဲ့ အထွောထွေပြဋ္ဌာန်းချက်ပုဒ်မ(၁)အစ္စလာမ်ဘာသာကို နိုင်ငံဘာသာအဖြစ်အသိ အမှတ်ပြုပြီး ရှိအိုက်အီမန် (၁၂) ပါးကို ယုံကြည်တယ်ဆိုတာကို ပြဋ္ဌာန်းပေးလို က်ပါတယ်။
အဲဒီ ၁၉၀၇ ခုနှစ်၊အခြေခံမူစည်းမျဉ်းများပြန်လည်ဖြည့်စွက်ခြင်းဥပဒေ ရဲ့ အထွေထွေပြဋ္ဌာန်းချက် ပုဒ်မ (၂) ထဲမှာပဲ ဘာသာရေးဆရာတွေက ရွေးချ ယ်ပေးထားတဲ့အစ္စလမ်ပညာရှင် မူဂျ်တာဟစ်(mujtahids)ငါးဦးကော်မတီကို ခန့်အပ်ရပြီး လွှတ်တော်ပါလီမန် မာဂျ်လီစ်(Majlis)က ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတွေဟာ အစ္စလာမ်ထုံးတမ်းနဲ့ညီမညီကို စိစစ်ဖို့သဘောတူရပါတယ်။
ဘာသာရေးအုပ်စုနဲ့နိုင်ငံရေးအုပ်စုပါဝါအတွက် လွန်ဆွဲကြပုံ
မူဂျ်တာဟစ် ငါးဦးဟာ ဗီတိုပါဝါ ရှိပါတယ်။ဒါပေမယ့် ဒီဗီတိုကို လွတ်တော်ပါလီမန်မာဂျ်လီစ် (Majlis) က ပြန်လည်မဲ ပေးရင်းနဲ့ ကျော်ဖြတ်နိုင်ပါတယ်။
အမှန်ကဒီကိစ္စဟာ မြန်မာပြည်က ၂၀၀၈ ဥပဒေထဲက စစ်သားတမတ်သားလိုပါပဲ။
ဒါပေမယ့် အီရန်ရဲ့ ၁၉၀၆ ခုနှစ်၊ အီရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေက မူဂျ်တာဟ စ်(mujtahids)ငါးဦးကော်မတီက ကန့်ကွက်ရင်တောင် လွတ်တော်ပါလီမန် မာဂျ်လီစ် (Majlis) က ပြန်ကျော်ဖြတ်လို့ရသေးတာကြောင့်၂၀၀၈ ထက်စာရ င် မဆိုးဘူးလို့ပဲ ပြောရမှာ။လက်တွေ့မှာလည်း မူဂျ်တာဟစ်(mujtahids)ငါးဦးကော်မတီကို လွတ်တော်ပါလီမန် မာဂျ်လီစ်(Majlis)နဲ့ ဘုရင်ဘက်က သူ့တို့ လုပ်ပိုင်ခွင့်အတွက် အတားအဆီးလို့ မြင်ပြီး အဲဒီငါးဦးကော်မတီကို စာရွက်ထဲမှာပဲထားပြီး အပြင်မှာ ပုံမဖော်ပါဘူး။
အဲဒီလိုနဲ့ညီညွတ်မှုဝါးဒတ်(Vahdat) ထဲ က အတွင်းစည်ထိပ်တိုက်တိုးမှုနဲ့ကွဲအက်မှုတွေက ဖြစ်လာပါတယ်။
အပြင်စည်းကဆန့်ကျင်ဘက်တွေ
ကာဂျာစ်ဘုရင် မိုဇဖ်ဖာအက်ဒင်ရှား (Mozaffar ad-Din) က လူထုဆန္ဒကို လိုက်လျောပြီး စည်းမျဉ်းခံဘုရင်စနစ်ကို လက်ခံခဲ့ပေမယ့် သူ့သားဖြစ်သူ မိုဟာမက်အလီရှားကာဂျာစ် ( Mohammad Ali Shah Qajar)က လုံးဝမကြိုက်ပါဘူး။
အဲဒီကြားထဲ အီရန်ဘာသာရေးအလွှာနဲ့ ပညာတတ်အလွှာကြား လွှတ်တော်ပါ လီမန်မာဂျ်လီစ်(Majlis)မှာ အဝေမတည့်နိုင်တာက တပိုင်းဖြစ်ပေမယ့် အဲဒီနှစ်အုပ်စုစလုံးရဲ့ဇာတိမာန်စိတ်ကိုတော့ ရုရှားရော၊ဗြိတိန်ပါ မကြိုက်ပါဘူး။
ဘာကြောင့်ဆို ဥရောပသားတွေ စီးပွားရေးအမြတ်ထုတ်နေတာကို ဘာသာရေးအလွှာနဲ့ ပညာတတ်အလွှာက ပြန်လည်တိုက်ဖျက်တော့မယ်ဆိုတာကိုလည်း ရုရှားနဲ့ ဗြိတိန်သိနေပါတယ်။
၁၉၀၆ ခုနှစ်၊အီရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတော်လှန်ရေးကာလတလျှောက် ဗြိတိန်က ဆန္ဒပြသပိတ်မှောက်သူတွေကို မြောက်ထိုးပင့်ကော်လုပ်ပေးပြီး သံရုံးထဲမှာ ဖွဲ့စည်းပုံအခြေခံဥပ ဒေပေါ်လာဖို့ထိ အကူအညီပေးခဲ့ပါတယ်။
ဒါပေမယ့် ၁၉၀၇ ခုနှစ်၊ ဩဂုတ် ၃၁ မှာ ရုရှားနဲ့ ဗြိတိန်ကြား (Anglo-Russian Convention)သဘောတူညီချက်ရလာပါတယ်။
အဲဒီသဘောတူညီချက်ရဲ့ အဓိပ္ပါယ်က မင်းနဲ့ငါ ဝေစုခွဲမယ်။ ဒီအပုံကိုမင်းယူ။ ဒီအပုံကိုငါယူမယ်ဆိုတဲ့သဘောပါ။
အီရန်ကို တောင်မြောက်နှစ်ပိုင်းပိုင်းပြီး ရုရှားက မြောက်ဘက်၊ဗြိတိန်က တောာင်ဘက်ကို ယူပါမယ်။အလယ်ကို ကြား ခံဇုန်အဖြစ်ထားပါမယ်။ သဘောကမင်း ဝေစုနေရာ ငါလည်းမကျော်၊ ငါဝေါစုနေ ရာ မင်းလည်းမကျော်နဲ့ဆိုတဲ့သဘောပါ။
အဲလိုသဘောတူညီချက်ရပြီးနောက်မှာဗြိတိန်က သူမြှောက်ပေးထားတဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေဝါဒီတွေကို လျစ်လျူရှူပြီး ဘုရင် မိုဟာမက်အလီရှား ကာဂျာစ် ( Mohammad Ali Shah Qajar) ကို ထောက်ခံလိုက်ပါတော့တယ်။
ရုရှားနဲ့ဗြိတိန် အားကိုးရှိလာတော့ ဘုရ င်မိုဟာမက်အလီရှားကာဂျာစ် ( Mohammad Ali Shah Qajar) ကလည်း ပါလီမာန်ကို ဖိနှိပ်ပြီးအာဏာ သိမ်းပါတော့တယ်။
ဒီကြားထဲ ဖီဇ်လိုလာ နိုရီ (Fazlollah Nori)လို ဘာသာရေးဆရာတွေက ခြေချုပ်လာပါတယ်။ဖီဇ်လိုလာ နိုရီ ( Fazlollah Nori)က ကနဦးကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတော်လှန်ရေးကို ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းဘာ သာရေးနဲ့ပညာတတ်အလွှာကြား အာ ဏာလွန်ဆွဲမှုတွေကြောင့် ဘာသာရေးဘက်ကိုပိုအလေးပေးပြီး ဖွဲ့စည်းပုံ အ ခြေခံဥပဒေအယူအဆကို ဆန့်ကျင်သူထဲမှာပါပါတယ်။
ဖီဇ်လိုလာနိုရီ (Fazlollah Nori) ရဲ့ ဘုရင်မိုဟာမက်အလီရှားကာဂျာစ် ( Mohammad Ali Shah Qajar)ကို လက်ထောက်ချမှုကြောင့် ပါလီမာန်အ မတ်တွေ အသတ်ခံရပြီး ပါလီမာန်ကိုလည်း ဗုံးခွဲခံလိုက်ရပါတော့တယ်။
အီရန်ရဲ့ ပါလီမာန်ကို ဗုံးခွဲတာက ရုရှားတွေ ဦးဆောင်တဲ့ပါရှန်း ကော့ဆက် တပ်ဖွဲ့ရဲ့ လက်ချက်ပါ။
အဲဒီလိုသမိုင်းဒဏ်ရာတွေက အီရန်တွေမှာ အနောက်ဥရောပကို မယုံကြည်တဲ့စိတ်က ပိုပြီးအရှိန်တက်လာပါတယ်။ဒီလိုနဲ့ဘုရင်နဲ့ ပါလီမာန်ကြားမှာ စစ်ပွဲစလာပါပြီ။
အဲဒီ စစ်ပွဲက ၁၉၀၈ ခုနှစ်မှ ၁၉၀၉ ခုနှစ်ထိကြာခဲ့ပါတယ်။
အဲဒီကာလကို အီရန်တွေက The Minor Tyranny (ရက်စက်ကြမ်းကြုတ်မှုကာ လတို)အဖြစ်ခေါ်ကြပါတယ်။အီရန်ရဲ့ ကာလတို ပြည်တွင်းစစ်ကို ခေါ်တာပါ။
အီရန်ပါလီမာန်ကလည်း ဘုရင်ကိုပြန်တိုက်ဖို့အတွက် လက်နက်ကိုင်လိုက်ပါပြီ။
ဆက်ရန်…
ကိုးကား…






