Border News Agency
ကွတ်ခိုင်၊ မေ ၂။
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ လက်နက်ကြီးပေါက်ကွဲခဲ့တာကြောင့် အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော်မှ မေလ ၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မြို့နယ်၊ခိုတင်ကျေးရွာမှာ မေလ ၁ ရက်၊ မနက် ၁၀ နာရီအချိန်ခန့်က မပေါက်ကွဲသေးတဲ့ ၈၀ မမ လက်နက်ကြီးအမျိုးအစားတလုံးကို ကိုင်တွယ်နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုပေါက်ကွဲခဲ့တာကြောင့် ခိုတင်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မိုင်းအိုက်မောက်နဲ့ အသက် ၂၂ နှစ်အရွယ် မိုင်းအိုက်လဝတို့ သေဆုံးသွားခဲ့တာပါ။
အဲဒီကွတ်ခိုင်မြို့မှာ မတ်လ ၂၅ ရက်နေ့ကလည်း မပေါက်ကွဲသေးတဲ့စစ်ကျန်ဒရုန်းဗုံးကို ကိုင်တွယ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာ ဒေသတွေမှာ စစ်လက်ကျန်ပစ္စည်းတွေ ကျန်ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ ကောက်ယူကိုင်တွယ်တာ၊ နေအိမ်ကို သယ်ဆောင်လာတာနဲ့ ဆော့ကစားတာတွေကို လုံးဝမပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။






