Border News Agency
အမေရိကန်၊ မတ် ၂၁။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ကိုတိုက်ခိုက်တဲ့ကိစ္စမှာ မဟာမိတ်တွေကို ဘာကြောင့်ကြိုမပြောသလဲဆိုတဲ့ ဂျပန်သတင်းထောက်ရဲ့ မေးခွန်းကို ဒုတိယကမ္ဘာစစ်တုန်းက ပုလဲဆိပ်ကမ်း အဖြစ်အပျက်ကို ထုတ်ပြောပြီးပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ အိမ်ဖြူတော်ထဲမှာ ဂျပန်နိုင်ငံရေးသမား ဆာနာအေး တာကာအီချီနဲ့ တွေ့ဆုံစဉ်မှာ ဖြစ်ပွားခဲ့တာပါ။
ဂျပန်သတင်းထောက်က အမေရိကန်နဲ့ ဂျပန်ဟာ မိတ်ဆွေကောင်းတွေဖြစ်ပေမဲ့ အီရန်ကို တိုက်ခိုက်ခါနီးမှာ ဥရောပနဲ့ အာရှက မဟာမိတ်တွေကို ဘာကြောင့် ကြိုမပြောခဲ့တာလဲလို့ မေးမြန်းခဲ့တာပါ။
ဒီလို ကြိုတင်အသိမပေးဘဲ တိုက်ခိုက်ခဲ့တဲ့အပေါ် ဂျပန်ပြည်သူတွေ စိတ်ရှုပ်ထွေးနေရတယ်လို့လည်း ဆိုပါတယ်။
ဒီမေးခွန်းကို ထရမ့်က တိုက်ခိုက်မှုတွေ လုပ်တဲ့အခါမှာ ကြိုတင်အချက်ပြနေလို့ မရဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
ရန်သူကို အငိုက်မိအောင် တိုက်ခိုက်ချင်တာကြောင့် ဘယ်သူ့ကိုမှ ကြိုမပြောခဲ့တာဖြစ်ပြီး အငိုက်ဖမ်း တိုက်ခိုက်တာနဲ့ ပတ်သက်ရင် ဂျပန်ထက် ပိုသိတဲ့သူ မရှိနိုင်ဘူးလို့ပြောဆိုလိုက်တာပါ။
ဒါ့အပြင် ထရမ့်က “ခင်ဗျားတို့ကကော ပုလဲဆိပ်ကမ်းကို တိုက်တုန်းက ကျွန်တော်တို့ကို ဘာလို့ ကြိုမပြောခဲ့သလဲ” လို့ ပြန်လည်မေးခွန်းထုတ်ပြီး ခပ်နာနာ တုံ့ပြန်ခဲ့ပါတယ်။
အငိုက်ဖမ်းတိုက်ခိုက်ရတာကို ခင်ဗျားတို့ ဂျပန်တွေက ကျွန်တော်တို့ထက်တောင် ပိုပြီး ယုံကြည်ကြတာ မဟုတ်လားလို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်။
အခုလို ထရမ့်ရဲ့ တုံ့ပြန်မှုဟာ သံတမန်ရေးအရ ခပ်ပြင်းပြင်း တုံ့ပြန်လိုက်တာဖြစ်ပြီး အမေရိကန်အနေနဲ့ စစ်ရေးအရ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ဘယ်သူ့ကိုမှ ကြိုတင်အသိပေးမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဂျပန်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးအပေါ်မှာလည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။






