Border News Agency
ထိုင်း၊ မတ် ၂၆။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဟာ ၂၀၂၂ ခုနှစ်အတွင်း ဘန်ကောက်မြို့က ဘတ် ၉၈ သန်း (ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ရာတခုကို ဝယ်ယူခဲ့တယ်လို့ Justice For Myanmar (JFM) ရဲ့စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။
အဲဒီအိမ်ရာဝယ်ယူမှုကို ဝယ်ယူသူအချက်အလက်တွေ ဖုံးကွယ်ဖို့နဲ့ ထိုင်းဥပဒေကို ရှောင်ရှားဖို့အတွက် Emerald Princess ဆိုတဲ့ ကြားခံရုပ်ပြကုမ္ပဏီတခုကို အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ကနေတဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ။
အဲဒီဝယ်ယူမှုမှာ အသုံးပြုတဲ့ငွေတွေဟာ ပြည်သူ့ပိုင်ပစ္စည်းတွေကို ခိုးယူထားတဲ့ အဂတိလိုက်စားမှုတွေကနေ ရရှိလာတာဖြစ်နိုင်လို့ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီပိုင်ဆိုင်မှုတွေကို ချက်ချင်းစုံစမ်းစစ်ဆေးပြီး သိမ်းဆည်းဖို့ JFM က တိုက်တွန်းထားပါတယ်။
အိမ်ရာရောင်းချမှုကို မင်းအောင်လှိုင်မိသားစုကိုယ်စား စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်က ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး ထွန်းမင်းလတ်ကိုယ်တိုင်လည်း ဘန်ကောက်က Belle GrandRama 9 မှာ တန်ဖိုးကြီးတိုက်ခန်းတွေ ပိုင်ဆိုင်ထားတဲ့ အချက်အလက်သစ်တွေ ထပ်မံထွက်ပေါ်လာပါတယ်။
JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မြန်မာပြည်သူတွေ အကြမ်းဖက်ခံနေရချိန်မှာ စစ်ခေါင်းဆောင်မိသားစုက မတရားရငွေတွေနဲ့ ထိုင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတာဟာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ ဒါကို အရေးယူဖို့ ပျက်ကွက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ လွတ်နေသေးတဲ့ မင်းအောင်လှိုင်ရဲ့ ဇနီး ကြူကြူလှနဲ့ ချွေးမ မျိုးရတနာထိုက်တို့ကိုလည်း ပစ်မှတ်ထားအရေးယူပြီး စစ်အုပ်စုရဲ့ ဘဏ္ဍာငွေစီးဆင်းမှုတွေကို အမြန်ဆုံး ဖြတ်တောက်ဖို့ တောင်းဆိုထားပါတယ်။






