Border News Agency
ဧရာဝတီ၊ သြဂုတ် ၇။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်သွားဝေတဲ့လူငယ်တဦး ရေစီးနဲ့အတူမျှောပါသေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေဆိုပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်မှာ သြဂုတ်လ ၅ ရက်၊ မနက်ပိုင်းကထမင်းထုတ်လိုက်ဝေနေတဲ့ အသက်နှစ်ဆယ်နှစ်နှစ်အရွယ် ငါးသိုင်းချောင်းမြို့နယ်ဇာတိလူငယ်တဦးဟာ ရေစီးနဲ့အတူမျှောပါသွားခဲ့တာပါ။
အဲဒီလူငယ်ဟာရေမကူးတတ်ဘဲ အသက်ကယ်အင်္ကျီဝတ်ဆင်ထားတာမရှိတာကြောင့် ရေစီးသန်တဲ့အတွက် ရေနစ်သေဆုံးခဲ့ရတာဖြစ်ပြီး အလောင်းကိုပြန်ရှာတွေ့ခဲ့ပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာပေနှစ်ရာကျော်ကျိုးပေါက်ခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ ကျေးရွာပေါင်း ၁၀၆ ရွာမှ လူဦးရေသုံးသောင်းကျော် ရေဘေးဒုက္ခကြုံတွေ့နေရတာဖြစ်ပါတယ်။







