Border News Agency
အစ္စရေး၊ မတ် ၂၆။
အစ္စရေးရဲ့ လေကြောင်းနဲ့ ကြည်းတပ် ထိုးစစ်တွေကြောင့် လက်ဘနွန်မှာ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးနေရချိန်မှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာယင် ကာဆင်က အစ္စရေးကို အကန့်အသတ်မရှိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မတ်လ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
လက်ဘနွန်အနေနဲ့ အညံ့ခံပြီးမြေယာတွေကို ပေးအပ်လိုက်မလား ဒါမှမဟုတ် ရင်ဆိုင်တိုက်ပွဲဝင်မလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲ ရှိတော့တယ်လို့ ကာဆင်က ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေဆက်တိုက်ခံနေရတဲ့ကြားက အစ္စရေးအစိုးရနဲ့ဆွေးနွေးပွဲလုပ်ဖို့ သဘောမတူသင့်ကြောင်းနဲ့ ဒါဟာ အညံ့ခံဖို့ဖိအားပေးတာသာဖြစ်တယ်လို့ သူက သတိပေးလိုက်ပါတယ်။
အမေရိကန်-အစ္စရေး ရန်သူတွေကို တိုက်ထုတ်ဖို့အတွက်အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြဖို့နဲ့ လက်ရှိမှာ ကျူးကျော်မှုတွေကို ရပ်တန့်ပြီး နယ်မြေလွတ်မြောက်ရေးဟာ အဓိကဖြစ်တယ်လို့ ကာဆင်က တိုက်တွန်းထားပါတယ်။
မတ်လဆန်းပိုင်းကစပြီး အရှိန်မြင့်လာတဲ့ ဒီစစ်ပွဲကြောင့်လက်ဘနွန်မှာ လူပေါင်း ၁.၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို နိုင်ငံတကာကလည်းစစ်ပွဲတွေ လျှော့ချဖို့ တောင်းဆိုနေကြပါတယ်။
အစ္စရေးဘက်ကတော့ လက်ဘနွန်တောင်ပိုင်းကိုသိမ်းပိုက်ဖို့အထိ ခြေလှမ်းပြင်နေပြီး အစ္စရေးမြောက်ပိုင်းလုံခြုံမှုမရှိမချင်း လက်ဘနွန်တောင်ပိုင်းက ဒေသခံတွေကို သူတို့အိမ်ပြန်ခွင့်ပြုမှာမဟုတ်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားထားပါတယ်။






