Border News Agency
တီဟီရန်၊ မတ် ၂၇။
ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ရေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် အလီရီဇာ တန်စီရီကို မတ်လ ၂၅ ရက်၊ ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအတွင်းသတ်ဖြတ်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က အတည်ပြုပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အီရန်တောင်ပိုင်း၊ ဘန်ဒါအဘတ်စ်မြို့က ရေတပ်ဌာနချုပ်ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး တန်စီရီနဲ့အတူ တခြားအဆင့်မြင့်ရေတပ်အရာရှိတွေပါ သေဆုံးခဲ့တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
တန်စီရီဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ မိုင်းထောင်တာနဲ့ သင်္ဘောလမ်းကြောင်းပိတ်ဆို့မှုတွေကို တိုက်ရိုက်စီမံနေသူဖြစ်တယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့တဲ့ စစ်ပွဲအတွင်းမှာအစ္စရေးဟာ အီရန်အဆင့်မြင့်ခေါင်းဆောင် အယာတိုလာ ခါမေနီ အပါအဝင် ထိပ်ပိုင်းစစ်ရေးခေါင်းဆောင် တွေကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ တန်စီရီဟာ အီရန်ရေတပ်ရဲ့ ဒရုန်းနည်းပညာနဲ့ဟော်မုဇ်ရေလက်ကြား စစ်ဗျူဟာကို နှစ်ပေါင်းများစွာ ပုံဖော်ခဲ့သူလည်းဖြစ်ပါတယ်။
တလနီးပါးကြာမြင့်လာပြီဖြစ်တဲ့ ဒီစစ်ပွဲအတွင်းမှာ အီရန်ဘက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁,၉၀၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄,၀၀၀ ကျော်ရှိနေပြီလို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အီရန်အစိုးရဘက်ကတော့ သူတို့ရဲ့ ရေတပ်အကြီးအကဲ အသတ်ခံရမှုအပေါ် တရားဝင် အတည်ပြုချက်ထုတ်ပြန်တာ မရှိသေးပါဘူး။






