Border News Agency
နေပြည်တော်၊ မတ် ၂၈။
မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် ဒေသအခြေခံဖက်ဒရယ်စနစ်ကိုပဲ ကျင့်သုံးသွားမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာမတ်လ ၂၇ ရက်၊ မနေ့ကကျင်းပတဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမိန့်ခွန်းမှာပြောတာပါ။
ဖက်ဒရယ်စနစ်ဆိုတာ လူမျိုးတမျိုးတည်းအတွက်မဟုတ်ဘဲ ဒေသတခု၊ နယ်မြေတခုအပေါ်အခြေခံပြီးဆောင်ရွက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
အဲဒီအပြင် နိုင်ငံရေးအရဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး နိုင်ငံတော်တည်ဆောက်ပုံမှာတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးခိုင်မာအောင်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လက်တွေ့မြေပြင်မှာတော့ စစ်ကော်မရှင်တပ်ဟာ တိုင်းရင်းသားနယ်မြေအတော်များများကို လက်လွှတ်ထားရသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကော်မရှင်တပ်ရဲ့ဖက်ဒရယ်ပုံစံကိုလက်မခံဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲတွေဆက်တိုက်ဖော်ဆောင်နေကြတာပါ။
ဒေသအခြေခံဖက်ဒရယ်လို့ ပြောဆိုချက်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ လူမျိုးစုအခြေခံဖက်ဒရယ်မူနဲ့ကွာဟနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အခက်အခဲတွေဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်နေကြပါတယ်။






