Border News Agency
ရန်ကုန်၊ ဇွန် ၃၀။
မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Albutein 20% သွေးကြောသွင်းဆေးရည်နဲ့ ပုံစံတူ ဆေးဝါးအတုတွေ ဈေးကွက်ထဲ ရောင်းချနေတာကို စိစစ်တွေ့ရှိရလို့ ပြည်သူတွေ ဝယ်ယူသုံးစွဲခြင်းမပြုဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီဆေးဝါးအတုဟာ အမေရိကန်နိုင်ငံထုတ် Albutein 20% နဲ့ ပုံပန်းသဏ္ဌာန်ချင်းတူရုံတင်မကဘဲ ဘူးပေါ်မှာ “IP Specification” လို့ ရေးသားဖော်ပြထားတာကို စစ်ဆေးတွေ့ရှိရတာပါ။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ “IP Specification” လို့ ဖော်ပြထားတဲ့ ဆေးဝါးအတုကိုမဝယ်ယူကြဖို့နဲ့ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်(Reg No.)ပါရှိတဲ့ဆေးဝါးတွေကိုပဲ သေချာစိစစ်ဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီ Albutein ဆေးရည်ဟာ လူ့သွေးပလာစမာအတွင်းရှိ ပရိုတင်းဓာတ်ကို ပြန်ဖြည့်ပေးရတဲ့ သွေးကြောသွင်းဆေးဖြစ်ပြီး အရေးပေါ်နဲ့ ပြင်းထန်လူနာတွေအတွက် ဆရာဝန်ကြီးကြပ်မှုနဲ့သာ အသုံးပြုရတဲ့ဆေးဝါးဖြစ်ပါတယ်။
FDA အနေနဲ့အရည်အသွေးမမီတဲ့ အဲဒီဆေးဝါးအတုတွေ ဈေးကွက်ထဲထပ်မံမပြန့်ပွားစေဖို့အတွက် ဆက်စိစစ်ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။












