Border News Agency
မောင်တော၊မတ် ၂၉။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာချိပ်ပိတ်သိမ်းဆည်းထားတဲ့ နေအိမ်တချို့ကို မူလပိုင်ရှင်တွေလက်ထဲပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပြီလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရထုတ်ပြန်ပါတယ်။
အဲဒါဟာ မြို့သိမ်းတိုက်ပွဲတွေအပြီး ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ပတ်သက်ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်ခံထားရတဲ့အိမ်ပိုင်ရှင်တွေက သူတို့မှာအပြစ်မရှိကြောင်း သနားခံစာတင်ပြလာတာကို စနစ်တကျစိစစ်ပြန်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“အိမ်ပိုင်ရှင်တွေဘက်က သူတို့မှာ အ ပြစ်ကင်းကြောင်း အချက်အလက်အ ပြည့်အစုံနဲ့ သနားခံစာတင်ပြလာရင် ကျွန်တော်တို့ဘက်က ပြန်စိစစ်ပါတယ်။ အမှန်တကယ်အပြစ်ကင်းတယ်ဆိုရင် ချိပ်ပိတ်ထားတာကို ပြန်ဖွင့်ပေးပြီး မူလပိုင်ရှင်လက်ထဲ ပြန်လွှဲပေးတာတွေ ရှိပါတယ်။”လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပြောခွင့်ရသူခိုင်သုခက ပြောပါတယ်။
အဲဒီနေအိမ်ပြန်ရဖို့ လျှောက်ထားလာသူတွေထဲက ဦးလှသိန်း (နာမည်လွှဲ) ဆိုသူရဲ့ နေအိမ်ကိုလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးနောက် ချိပ်ပြန်ဖွင့်ပေးခဲ့သလို တခြားအိမ်ပိုင်ရှင်တွေဟာလည်း မိမိတို့ဟာ အမှန်တကယ်အပြစ်ကင်းတယ်ဆိုရင် အထောက်အထားအပြည့် အစုံနဲ့အစိုးရထံ သနားခံစာ တင်ပြလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ပတ်သက်ဆက်နွယ်သူတွေ ပိုင်ဆိုင်တဲ့အဆောက်အအုံတွေကိုသာ အဓိကထားပြီးချိပ်ပိတ်သိမ်းဆည်းမှုတွေ လုပ်နေတာဖြစ်ပါတယ်။
အဲဒီလိုချိပ်ပိတ်ချိန်ကလည်း အစိုးရပိုင်အဖြစ်သိမ်းဆည်းမှာဖြစ်လို့ကျူးကျော် တာ၊ရောင်းဝယ်တာနဲ့နေထိုင်တာတွေ မလုပ်ဖို့တားမြစ်ထားပါတယ်။






