Border News Agency
ဂျာကာတာ၊ ဧပြီ ၄။
အတုအယောင် ရွေးကောက်ပွဲတွေလုပ်ပြီး သမ္မတရာထူးကို ရယူဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုအသစ်တွေနဲ့ တရားစွဲဆိုခံရဖို့ ရှိနေပါတယ်။
အဲဒီတိုင်ကြားစာကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ Yasmin Ullah နဲ့အတူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusmani အပါအဝင် ပုဂ္ဂိုလ် ၁၀ ဦးက စုပေါင်းပြီးလာမယ့် ဧပြီလ ၆ ရက်နေ့မှာ ဂျာကာတာ အစိုးရရှေ့နေရုံးကို တင်သွင်းသွားမှာပါ။
အဲဒီတရားစွဲဆိုမယ့် အထောက်အထားတွေထဲမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်တာတွေနဲ့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေကို အသေးစိတ် ဖော်ပြထားပါတယ်။
အထူးသဖြင့် ဒီရာဇဝတ်မှုတွေကို စစ်ခေါင်းဆောင်ရဲ့ တိုက်ရိုက်အမိန့်ပေး စေခိုင်းမှုနဲ့ ဘယ်တပ်မတွေက ကျူးလွန်ခဲ့တယ်ဆိုတာကိုပါ ခြေရာခံ တင်ပြထားတာ ဖြစ်ပါတယ်။
တရားလိုဖြစ်သူ Yasmin Ullah ကတော့ မြန်မာစစ်တပ်ဟာ လက်နက်မဲ့ အရပ်သားတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဒီနေ့အထိ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအတိုင်း မြန်မာစစ်အာဏာရှင်တွေကို တာဝန်ခံခိုင်းဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကို အဆုံးသတ်ပေးဖို့ တိုက်တွန်းပြောကြားထားပါတယ်။






