Border News Agency
ကျောက်တော်၊ဧပြီ ၁၅။
အာရက္ခဒေသအတွင်းရှိမြို့နယ်တွေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကကိုင်တွယ်နေပြီလို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ယာဉ်မောင်းသူတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီး၊ ဘယ်သူ့ကိုမဆို ကြောသားရင်သားမခွဲခြားဘဲတိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အဲဒီလိုဆိုင်ကယ်စီးနင်းရာမှာ ဦးထုပ်မဆောင်းတာ၊ သတ်မှတ်လူဦးရေထက်ပိုစီးတာနဲ့ အိတ်ဇောသံဆူညံအောင်လုပ်တာတွေကို ဒဏ်ငွေ ၅,၀၀၀ ကျပ် သတ်မှတ်ထားသလို မူးယစ်သောက်စားပြီး မောင်းနှင်ရင်တော့ ဒဏ်ငွေ ၃၀,၀၀၀ ကျပ်အထိ ပေးဆောင်ရမှာပါ။
အဲဒီအပြင် အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တွေမှာလည်း ခါးပတ်မပတ်တာ၊ မီးနဲ့ဘရိတ်မကောင်းတာတွေကို ဒဏ်ငွေ ၁၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိသတ်မှတ်ထားပြီး၊ ၃ တန်အထက်ကားတွေမြို့ထဲဝင်ပြီးကုန်တင်ချရင်တော့ ဒဏ်ငွေ ၃ သိန်းကျပ်အထိ အရေးယူခံရမှာဖြစ်ပါတယ်။
အဲဒီပို့ဆောင်ရေးဌာနနဲ့ ဒီလပ်တပ်ဖွဲ့ဝင်တွေက ပြည်သူတွေသိရှိလိုက်နာနိုင်အောင် အသိပညာပေးလက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေပြီး ယာဉ်အန္တရာယ်ကင်းဝေးအောင် ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။
တကယ်လို့စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်တာ ဒါမှမဟုတ် ဒဏ်ငွေပေးဆောင်ဖို့ ငြင်းဆန်တာတွေရှိရင် ဒဏ်ငွေအပြင် ယာဉ်ကိုပါသိမ်းဆည်းထားမှာဖြစ်ပြီး အမှုမပြီးမချင်းပြန်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။











