Border News Agency
မြောက်ဦး၊ ဧပြီ ၁၄။
တပါတီစနစ်ကိုကျင့်သုံးမယ်လို့ လခြမ်းမြေအာရက္ခမှာ အသံထွက်နေတာရှိပါတယ်။
အဲဒီနေရာမှာ မသဲကွဲတဲ့အခြေအနေနှစ်ရပ်ရှိနေပါတယ်။ ပထမအခြေအနေက ကနဦးရှေ့ပိုင်းနိုင်ငံရေးအင်စတီကျူရှင်းတွေကို တည်ဆောက်ရာမှာမြန်ဆန်အောင် တပါတီစနစ်နဲ့သွားမယ်။ ပြီးရင်အချိန်ကာလတခုကြာလာတဲ့အခါပါ တီစုံကိုသွားမယ်ဆိုတဲ့အခြေအနေပါ။
ဒုတိယအခြေအနေက တပါတီစနစ်နဲ့ပဲ အမြဲသွားမယ်။ သို့မဟုတ် တပါတီစနစ်နဲ့သွားနေမယ့်အချိန်ကာလဟာကြာမယ်ဆိုတဲ့အခြေအနေပါ။
အဲဒီအခြေအနေနှစ်ရပ်စလုံးဟာ တခုနဲ့တခုတောင်နဲ့ မြောက်လိုဖြစ်နေပေမယ့် အခြေအနေနှစ်ရပ်ထဲကတခုခုနဲ့တော့ ရခိုင်ဟာကျိမ်းသေဖြတ်သန်းရမှာတော့ သေချာပါတယ်။ ULA/AA ထိန်းချုပ်နယ်မြေတွေမှာပါ။
အဲဒီအခြေအနေနှစ်ခုထဲမှာ တခုခုနဲ့ဖြတ်သန်းရမယ်ဆိုရင်တောင် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တပါတီစနစ်နဲ့ နိုင်ငံတည်ဆောက်ရေးကို ကနဦးဖြတ်သန်းရမယ့်အချိန်ကာလတခုကရှိနေပါတယ်။
“တရုတ်၊လာအို၊မြောက်ကိုးရီးယားလို့တ ပါတီစနစ်ရောဂါ- ၁ ”ဆောင်းပါးမှာဖော်ပြခဲ့သလိုပါပဲ။
အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို ဘယ်လောက်ပဲဖွဲ့စည်းပုံအခြေခံဥပဒေကအာမခံထားပါစေ။ တပါတီစနစ်ကြောင့် အဲဒီအခွင့်အရေးတွေကို တရုတ်၊မြောက်ကိုးရီးယားနဲ့ လာအိုပြည်သူတွေဟာ အနောက်ဥရောပနိုင်ငံလို မခံစားရပါဘူး။
ဒါပေမယ့် သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အာမခံချက်ကရှိထားပါသေးတယ်။ ခံစားခွင့်ရတာ၊မရတာကို ခဏထားဖွဲ့စည်းပုံအခြေခံဥပဒအေရပဋိညာဉ်ပြု အာမခံချက်ပေးထားတာက လူထုအတွက်တချိန်မဟုတ်တချိန် အဲဒီအခွင့်အရေးအတွက် တောင်းဆိုဖို့နိုင်ငံရေးလမ်းစရှိနေပါသေးတယ်လို့ ဆိုရပါလိမ့်မယ်။
ဒီမိုကရေစီနည်းကျတင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်ရေး
အဲဒီတရုတ်၊မြောက်ကိုးရီးယား၊လာအို စတဲ့နိုင်ငံတွေမှာ သူ့တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင်”Democratic Centralism”ဆိုတဲ့ဝေါဟာရပါနေတာကို တွေ့ရမှာပါ။ ဗဟိုမှာ အာဏာအလုံး စုံကိုချုပ်ကိုင်ထားမယ်။အဲဒီဗဟိုကိုအောက်ခြေက ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်ဆိုတဲ့သဘောပါ။
ဒါပေမယ့် တပါတီစနစ်ပုံစံဘက်ကို အလွန်အကျွံရောက်နေတဲ့ သူတို့ရဲ့ဦးဆောင်စနစ်ဟာ အောက်ခြေကဒီမိုကရေစီတန်ဖိုးကို အပြည့်အဝမဖော်ဆောင်နိုင်ပါဘူး။
ဘာကြောင့်ဆိုလဲဆိုရင်အာဏာကို ဗဟိုဆိုတဲ့နေရာမှာစုံပုံထားလိုက်တဲ့အခါ ဗဟိုနေရာကိုရောက်လာသူ(သို့မဟုတ်) လူတစုဟာ အာဏာရဲ့လွှမ်းမိုးခြင်းကို ခံလိုက်ရလို့ပါပဲ။
အာဏာရှိတဲ့သူအနားမှာ ဝိုင်းရံခစားသူတွေများပါတယ်။အခွင့်အရေးတွေကို လိုချင်သူတွေများပါတယ်။ ဒီလိုနဲ့သစ္စာတော်ခံသူအုပ်စုတွေကို အခွင့်အရေးတွေလုပ်ပိုင်ခွင့်တွေကို ပေးလာပါတော့တယ်။
အဲဒီအခြေအနေမျိုးဟာ သာမန်ပုထုဇဉ် လူသားဗီဇအရသာပဲဖြစ်ပါတယ်။လူသားဗီဇဖြစ်တာမို့လို့ တရုတ်ပဲဖြစ်ဖြစ် ၊အာဖရိကအီရီထရီးယားပဲဖြစ်ဖြစ်၊ အရှေ့ဥရောပသား ဘယ်လာရုဇ်ပဲဖြစ်ဖြစ် ဘယ်သူမဆိုအဲဒီဗီဇအခြေအနေရဲ့ လွှမ်းမိုးမှုကိုခံရမှာဖြစ်ပါတယ်။
အဲဒီတော့ ဗဟိုအာဏာအတွက်၊အခွင့်အရေးလုပ်ပိုင်ခွင့်အတွက် တပါတီအတွင်းမှာပဲ အုပ်စုတွေဖွဲ့ကြတာပါပဲ။
အဲဒီအုပ်စုအချင်းချင်းပါတီတွင်း ပွတ်တိုက်မှု၊ယှဉ်ပြိုင်မှုတွေဟာ တပါတီကြီးစိုးတဲ့စနစ်တွေမှာ တွေ့ရပါတယ်။ အုပ်စုတခုနဲ့တခုကြားမှာ အမြစ်ဆွဲနုတ်အပြတ်ရှင်းတဲ့အလေ့အထတွေဟာလည်း တပါတီစနစ်အတွင်းမှာ ဖြစ်လာတတ်ပါတယ်။ဥပမာ-တရုတ်မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်လာရင်အရာရှိကြီးတွေကို အဂတိမှုတွေနဲ့ကိုင်ကြတာဟာ အဂတိတိုက်ဖျက်ရေးသက်သက်မဟုတ်ဘဲ နိုင်ငံရေးအမြစ်ဖြတ်ကြတာလည်းဖြစ်ပါတယ်။
အဲဒီလိုအုပ်စုအားပြိုင်ကြတဲ့အစဥ်အလာတွေကြီးစိုးလာတဲ့အခါ တရုတ်လူထုဟာမိမိစိတ်ကြိုက်လူကို ရွေးကောက်ရတာမဟုတ်ဘဲ ကွန်မြူနစ်ပါတီအုပ်စုတွေပွဲထုတ်လာတဲ့ သူတွေကိုပဲရွေးကောက်ပေးရသလိုဖြစ်လာပါတယ်။
အဲဒါဟာ အချုပ်အခြာအာဏာဖြစ်စဥ်မှာ လူထုရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကို ကန့်သတ်ခံရတာလည်းဖြစ်ပါတယ်။
အဲဒီသဘောကို အဝေးကြီးမှာ သွားရှာနေစရာမလိုပါဘူး။ ULA/AAထဲမှာ မရှိဘူးလားဆိုရင် အားလုံးမဟုတ်ရင်လည်း တချို့အရေအတွက်ရှိတာပါပဲ။
အဲဒီလိုပြောလို့လည်း ULA/AAအားလုံးအပေါ်မှာ ဝါးလုံးရှည်နဲ့ရမ်းနေတာတော့မဟုတ်ပါဘူး။
အာဏာလုပ်ပိုင်ခွင့်ရှိသူကို ဝိုင်းရံခစားမှုတွေ၊အခွင့်အရေးရှာမှုတွေ၊အုပ်စုဖွဲ့မှုတွေဟာ လူသားဗီဇအရ ULA/AAထဲမှာလည်း ရှိကြတာပါပဲ။
အဲဒါကြောင့်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်တချို့အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အဖွဲ့ဝင်တချို့လည်း အုပ်ချုပ်ရေးအာဏာကိုအသုံးချပြီး စီးပွားရေးကဏ္ဍတွေမှာ မိသားစုဆွေမျိုးကောင်းစားရေးဝါဒတွေလုပ်လာတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာအာရက္ခတပ်တော်(AA)ရဲ့ ဒေသတာဝန်ရှိသူတချို့နဲ့ တပ်ဖွဲ့ဝင်တချို့ဟာ အာဏာပါဝါပြတာတွေ၊လုပ်ပိုင်ခွင့်တွေကို ကျော်လွန်လုပ်ကြတာတွေ ၊အခွန်အခတွေအဆမတန်တိုးမြှင့်ကောက်ခံတာတွေကို အာရက္ခပြည်သူတွေဝေဖန်ပြောဆိုမှုများနေကြပါတယ်။
ဒါပေမယ့်အာရက္ခပြည်သူလူထူဟာ သူတို့လုပ်ရပ်တွေကိုမကြိုက်ကြပေမယ့် ဆန့်ကျင့်ကန့်ကွက်ကြတာတွေ၊ တရားဝင်ထုတ်ဖော်ပြောဆိုတာတွေ မပြုလုပ်ရဲကြဘူးလို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)တည်ထောင်တဲ့ ၁၇ နှစ်ပြည့်တပ်မွေးနေ့၊ တပ်မှူးချုပ်သ ဝဏ်လွှာမှာ”စစ်ပွဲတွေကြား ဒုက္ခသုခနဲ့ရှင်သန်နေတဲ့ပြည်သူလူထုကို လေးစားစာနာမှုရှိဖို့၊ပြည်သူ့သားကောင်း၊သမီးကောင်းဖြစ်ကြောင်း မှန်ကန်တဲ့အပြုအမှုတွေနဲ့ သက်သေပြကြဖို့”ဗိုလ်ချုပ်ထွန်မြတ်နိုင်တိုက်တွန်းထားပါတယ်။
တပါတီရောဂါကြောင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးသေဆုံးခြင်း
ဒီမိုကရေစီရဲ့အနှစ်သာရက”ရွေးချယ်ခွင့်(Choice)ပါ။ ပြည်သူတွေမှာ မူဝါဒချင်းမတူညီတဲ့ ပါတီအမျိုးမျိုးထဲကနေ မိမိတို့အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ့်သူကို ရွေးချယ်ပိုင်ခွင့်ရှိရပါတယ် ။
တပါတီစနစ်မှာတော့ ပြိုင်ဘက်မရှိတဲ့အတွက် ရွေးကောက်ပွဲဆိုတာဟာ”ရွေးချယ်မှု”မဟုတ်ဘဲ”အတည်ပြုပေးရုံ” သက်သက်(Rubber Stamp)ဖြစ်သွားပါတယ်။
အဲဒါဟာ ပြည်သူ့အချုပ်အခြာအာဏာကို ပိတ်ပင်လိုက်တာပါပဲ။
ဒီမိုကရေစီမှာ အစိုးရကအမှားလုပ်ရင်ထောက်ပြမယ့် အတိုက်အခံပါတီ၊ လွတ်လပ်တဲ့တရားစီရင်ရေးနဲ့သတင်းမီဒီယာတွေ ရှိပါတယ်။
တပါတီစနစ်မှာတော့ – အစိုးရ၊လွှတ်တော်နဲ့ တရားရုံးအားလုံးကို ပါတီတခုတည်းကပဲချုပ်ကိုင်ထားပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှု (Checks and Balances)ကင်းမဲ့ခြင်း သွားပါတယ်။ အမှားကို အမှားလို့ ပြောမယ့်သူမရှိတဲ့အခါ အာဏာရှင်ဆန်တဲ့ဆုံးဖြတ်ချက်တွေဟာ အတားအဆီးမရှိထွက်ပေါ် လာပြီးဒီမိုကရေစီရဲ့”တရားဥပဒေစိုးမိုးမှု(Rule of Law)”ကို ပျက်စီးစေပါတ ယ်။
ဒီမိုကရေစီဟာ လူ့အဖွဲ့အစည်းအတွင်းက မတူကွဲပြားတဲ့အသံတွေ၊ လူနည်းစုအခွင့်အရေးတွေနဲ့ သဘောထားကွဲလွဲမှုတွေကို နေရာပေးပါတယ်။
တပါတီစနစ်ကတော့”ပါတီရဲ့အယူဝါ ဒဟာအမှန်တရား”လို့ သတ်မှတ်ထားတဲ့အတွက် – ပါတီနဲ့ သဘောထားမတိုက်ဆိုင်သူတွေကို “သစ္စာဖောက်”ဒါမှမဟုတ်”ရန်သူ”လို့ တံဆိပ်ကပ်နှိပ်ကွပ်တတ်ပါတယ်။
အဲဒါဟာ အများသဘောထားကွဲလွဲမှုကို လက်မခံခြင်း(Lack of Pluralism)ဖြစ်ပြီးလူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာတွေး ခေါ်ခွင့်နဲ့တီထွင်ဖန်တီးနိုင်စွမ်းကို သတ်ပစ်လိုက်တာနဲ့အတူတူပါပဲ။
ဒီမိုကရေစီအစိုးရဟာ အလုပ်မလုပ်ရင် နောက်တကြိမ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာကိုကြောက်ရပါတယ်။
တပါတီစနစ်မှာတော့ အာဏာကပြုတ်ကျသွားမယ့်အန္တရာယ်မရှိသလောက်ဖြစ်နေတဲ့အတွက် -ခေါင်းဆောင်တွေဟာ ပြည်သူ့ဆန္ဒထက် ပါတီတွင်းအာဏာတည်မြဲရေးကိုပဲ ဦးစားပေးလာပါတယ်။
ပြည်သူတွေအပေါ် တာဝန်ခံရမယ့်အစား ပါတီအထက်လူကြီးတွေအပေါ်မှာပဲမျက်နှာလုပ်ရတဲ့စနစ်(Top-down approach)ဖြစ်သွားပါတယ်။
အဲဒီလိုနဲ့တာဝန်ခံမှုနှင့်တာဝန်ယူမှု (Accountability)အလေ့အထဟာ ပျောက်ဆုံးသွားရပါတော့တယ်။
ဒီမိုကရေစီရှင်သန်ဖို့အတွက် မှန်ကန်တဲ့သတင်းအချက်အလက်လိုပါတယ်။
တပါတီစနစ်ဟာ သူတို့ရဲ့ အာဏာကိုကာကွယ်ဖို့အတွက်-သတင်းတွေကို ဆင်ဆာဖြတ်ပါတယ်။သတင်းအချက်အလက်စီးဆင်းမှုကို ပိတ်ဆို့ပါတယ်။ ဝါဒဖြန့်ချိရေး (Propaganda) တွေနဲ့ ပြည်သူကို မျက်စိပိတ်နားပိတ်လုပ်ပါတယ်။
သတင်းမှန်မရရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီရဲ့အသိပညာအခြေခံဆုံးဖြတ်ချက်တွေ ချမှတ်ဖို့မဖြစ်နိုင်တော့ပါဘူး။
ဒီမိုကရေစီဆိုတာ”အားလုံးပါဝင်ခွင့်”ဖြစ်ပြီး တပါတီစနစ်ဆိုတာကတော့”တစုတဖွဲ့တည်းကအပိုင်စီးခွင့်”ဖြစ်နေတာပါ။
တရုတ်တွေ ဘာကြောင့်တိုးတက်လာရတာလဲ
တရုတ်တွေ တိုးတက်မှုရှိလာရတာဟာ “ငတ်ပြီးအသေမခံလိုစိတ်(Survival Instinct)”နဲ့”လက်တွေ့(Pragmatism) အတွက် မူလလမ်းကြောင်းမှသွယ်ဖယ်ပိုင်ခွင့်”ရခဲ့တာကြောင့်ဆိုနိုင်ပါတယ်။
၁၉၇၀ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်ဟာ အလွန်ဆင်းရဲနေပြီး ကွန်မြူနစ်စနစ်ပျက်စီးလုနီးပါးဖြစ်နေခဲ့ပါတယ်။
တိိန့်ရှောင်ဖိန်(Deng Xiaoping)နဲ့ခေါင်း ဆောင်သစ်တွေက”ပါတီဆက်လက်တည်မြဲချင်ရင် ပြည်သူတွေဗိုက်ဝဖို့လိုတယ်။”ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။
သူတို့ဟာ လက်ဝဲကွန်မြူနစ်အယူဝါဒထက်”ရလဒ်”ကို ဦးစားပေးတဲ့ လက်တွေ့ဆန်မှု(Pragmatism)ကို ကျင့်သုံးလာပါတော့တယ်။
“ကြောင်ဖြူဖြစ်ဖြစ်၊ ကြောင်မည်းဖြစ် ဖြစ်ကြွက်ဖမ်းဖို့ပဲအရေးကြီးတယ်။” ဆိုတဲ့ နာမည်ကြီးစကားဟာ အဲဒီကနေလာတာပါ။
အဲဒါကြောင့် အရင်းရှင်စနစ်ဈေးကွက်စီးပွားရေး(Market Reform)ကို ခွင့်ပြုလိုက်ပြီး ထွက်လာတဲ့စီးပွားရေးအသီးအပွင့်တွေကို ပါတီရဲ့တရားဝင်မှု (Legitimacy)အဖြစ်ပြန်သုံးခဲ့ပြီး လက်ဝဲ၊လက်ယာအူကြောင်ကြားဖြစ်ခွင့်ရခဲ့ပါတော့တယ်။
တရုတ်ကွန်မြူနစ်ပါတီ(CCP)ဟာ နိုင်ငံရေးအရတင်းကျပ်ပေမယ့် ပါတီတွင်းရာထူးတက်ဖို့အတွက်တော့ အလွန်ခက်ခဲတဲ့စံနှုန်းတွေကို ချမှတ်ထားပါတယ်။
ပါတီတွင်းမှာ နေရာရဖို့ဆိုရင်တင်းကျပ်တဲ့အရည်အချင်းစစ်(Internal Meritocracy)မှုကို ထားရှိပါတယ်။ မြို့နယ် ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက် ရာထူးတက်ချင်ရင် သူ့နယ်မြေရဲ့ GDP တိုးတက်မှု၊အလုပ်အကိုင်ဖန်တီးနိုင်မှုနဲ့တည်ငြိမ်မှုတွေကို ပြသရပါတယ်။
ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်မလာခင် ဆယ်စုနှစ်နဲ့ချီပြီး အောက်ခြေကအဲလိုမျိုးစွမ်းဆောင်ရည်ပြခဲ့ရတဲ့သူတွေကိုပဲ ရွေးချယ်ပါတယ်။
အဲဒါဟာ”အမျိုးအနွယ်”ထက်”အရည်အချင်း”ကို အခြေခံတဲ့ Meritocracy ကို ပါတီတွင်းမှာ ခိုင်ခိုင်မာမာတည် ဆောက်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်တုန်း တရုတ်ဟာမူဝါဒတခုကို တနိုင်ငံလုံးတပြိုင်နက်မလုပ်ခဲ့ပါဘူး။
မူဝါဒတခုအတွက် စမ်းသပ်ကွင်း(Pilot Zones)တွေထားပါတယ်။အစောပိုင်းမှာ”ရှန်ကျန်း(Shenzhen)”လို မြို့တွေကို စီးပွားရေးဇုန်အဖြစ်သတ်မှတ်ပြီး ဈေးကွက်စနစ်ကိုအရင်စမ်းသပ်ပါတယ်။ အောင်မြင်မှသာ တဖြည်းဖြည်း တနိုင်ငံလုံးကိုဖြန့်ပါတယ်။
အဲဒီလို စမ်းသပ်မှုနဲ့လိုက်လျောညီထွေဖြစ်မှု(Policy Experimentation)က အမှားအယွင်းရှိရင်လည်း ကြီးကြီးမားမား မထိခိုက်ဘဲ စနစ်တကျပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။
အဲဒီလိုနဲ့တရုတ်ဟာ”ဈေးကွက်စီးပွား ရေး”ကရလာတဲ့ အရင်းအမြစ်နဲ့ ငွေကြေးတွေကို”အရည်အချင်းရှိတဲ့အုပ်ချုပ်သူတွေ(Meritocrats)”က စနစ်တကျပြန်လည်စီမံခန့်ခွဲတဲ့ ပုံစံကိုတည်ဆောက်နိုင်ခဲ့ပါတယ်။
တခြားနိုင်ငံတွေမှာတော့ အာဏာရှင်စနစ်က”မိမိလူ/ဆွေမျိုး”ကိုပဲ နေရာပေးလေ့ရှိတတ်တာကြောင့် စီးပွားရေးကိုလည်း ကိုယ်ကျိုးအတွက်ပဲ အသုံးချလာကာတရုတ်လို မအောင်မြင်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်ဟာအာဏာကို တဦးတည်းလက်ထဲ ပိုစုစည်းလာတဲ့အတွက် တိန်ရှောင်ဖိန်နဲ့ခေါင်းဆောင်တွေ မျိုးစေ့ချပေးခဲ့တဲ့Meritocracy စနစ်ပျက်ပြားသွားမယ့် စိန်ခေါ်မှုတွေလည်း ရှိနေပါပြီ။
အဲဒီစိန်ခေါ်ချက်ကပဲ တပါတီစနစ်ရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေတာပါ။
အဲဒီတော့ အာရက္ခပြည်အတွက် ရှေ့လာမည့်ဖြစ်စဉ်နှစ်ရပ်ကိုပြန်သွားပါမယ်။
ပထမအခြေအနေက ကနဦးရှေ့ပိုင်းနိုင်ငံရေးအင်စတီကျူရှင်းတွေကို တည်ဆောက်ရာမှာမြန်ဆန်အောင် တပါတီစနစ်နဲ့သွားမယ်။ ပြီးရင်အချိန်ကာလတခုကြာလာတဲ့အခါ ပါတီစုံဘက်ကိုသွားမယ်ဆိုတဲ့အခြေအနေပါ။
ဒုတိယအခြေအနေက တပါတီစနစ်နဲ့ပဲ သွားမယ်။ သို့မဟုတ် တပါတီစနစ်နဲ့ သွားနေမယ့် အချိန်ကာလဟာကြာနေမယ်ဆိုတဲ့အခြေအနေပါ။
ဘယ်သူမဆို အာရက္ခပြည်မှာဒုတိယအခြေအနေမျိုးဖြစ်နေတာကိုတော့ လိုချင်ကြမှာမဟုတ်ပါဘူး။
ပထမ အခြေအနေကလည်း Meritocracyကို အခြေခံနေပါတယ်။ Meritocracy ဆိုတာကလည်း ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့ဘက်မလိုက်ခြင်းမှာပဲ ပိုပြီးနေသားကြတတ်တာပါ။ ဆွေမျိုးကောင်းစားရေးဝါဒနဲ့ပါတီအထက်လူကြီးတွေအပေါ်မှာပဲ မျက်နှာလုပ်ရတဲ့စနစ်(Top-down approach)က အရည်အချင်းကိုသာနေရာပေးတဲ့ Meritocracyကို ပျက်စီးစေပါတယ်။
ဘာကြောင့် လခြမ်းမြေမှာတပါတီရောဂါထလာကြပါသလဲ။ ဖြစ်တန်ရာက နိုင်ငံတည်ဆောက်ရေးအတွက် စတ
င်လိုအပ်တဲ့အင်စတီကျူးရှင်းတွေကိုအကောင်အထည်ဖော်တဲ့အခါ မြန်မြန်ဆန်ဆန်ထိရောက်စေချင်လို့ တပါတီစနစ်ဗဟိုချုပ်ကိုင်မှုစနစ်နဲ့အချိန်ကာလ တခုထိသွားချင်တာဖြစ်ပါလိမ့်မယ်။
အဲဒီလို တည်ဆောက်ရေးဖြစ်စဉ်မှာ ULA/AA ဟာ ဦးဆောင်သူဖြစ်ပါတယ် ။
အဲဒါက ULA/AA ကိုယ်တိုင်လည်းလုပ် ရပ်များစွာ၊ပေးဆပ်မှုများစွာနဲ့ဦးဆောင်သူနေရာအတွက် လူထုဆီမှာသက်သေထူထားပြီးသားပါ။
ဒါပေမယ့် တရုတ်မှာတောင် တရုတ်ကွန်မြူနစ်ပါတီတခုတည်းမဟုတ်ဘဲ နောက်ထပ်နိုင်ငံရေးပါတီရှစ်ခုရှိနေတာကိုလည်း သတိပြုမိစေချင်ပါတယ်။
တရုတ်စနစ်ကကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနောက်ကို အဲဒီပါတီတွေလိုက်ကြ၊အတိုက်အခံလုပ်ရင်ပျောက်သွားမယ် ဆိုတဲ့သဘောမျိုးပါ။
ဗဟိုအာရှရဲ့ထိုင်ခုံစွဲပါတီစနစ် (Dominant Party)
ဗဟိုအာရှနိုင်ငံတွေ(ကာဇက်စတန်၊ကာဂျစ္စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စတန်နဲ့ဥဇဘက်ကစ္စတန်)ရဲ့နိုင်ငံရေးစနစ်ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးထဲမှာတော့ ပါတီစုံဒီမိုကရေစီစနစ်လို့ ဖော်ပြထားပေမယ့်လက် တွေ့မှာတော့ အာဏာရထားတဲ့ (Dominant Party)တခုကပဲ အာဏာအလုံးစုံကိုကိုင်ထားတဲ့စနစ်ဖြစ်နေပါတယ်။
အဲဒါကို ပါတီစုံ အယောင်ဆောင်တပါတီစနစ်(De Facto One-Party Dominance)လို့ လည်းဆိုကြပါတယ်။
တချို့ဗဟိုအာရှနိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေအများကြီးရှိပေမယ့် တကယ့်လက်တွေ့အာဏာကတော့ လက်ရှိသမ္မတကို ထောက်ခံတဲ့ အာဏာရပါတီ (Dominant Party)တခုတည်းမှာပဲ ရှိနေတတ်ပါတယ်။ အတိုက်အခံပါတီတွေဟာ အင်အားနည်းအောင်လုပ်ဆောင်ခံရတာမျိုး ဒါမှမဟုတ် အစိုးရကိုလိုလားတဲ့ ပါတီအငယ်လေးတွေသာဖြစ်နေတတ်ပါတယ်။
အဲဒီဗဟိုအာရှနိုင်ငံတွေရဲ့ထူးခြားချက်က ပါတီစနစ်ထက်သမ္မတရဲ့လုပ်ပိုင်ခွင့်က ပိုပြီးအရေးပါနေတဲ့သမ္မတဗဟိုပြုစနစ်(Strong Man Presidency)ဖြစ်နေတာပါ။
သမ္မတတွေဟာ သက်တမ်းရှည်ကြာစွာ အုပ်ချုပ်လေ့ရှိပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍအားလုံးအပေါ်မှာ ဩဇာညောင်းကြပါတယ်။
ဗဟိုအာရှနိုင်ငံတွေဟာ တရားဝင်တပါတီစနစ်မဟုတ်ပေမယ့်လက်တွေ့မှာ အာဏာရပါတီကပဲ အရာရာကိုထိန်းချုပ်ထားတဲ့”ပါတီကြီးတခုလွှမ်းမိုးတဲ့စနစ်” မျိုးဖြစ်နေပါတယ်။
အဲလို(Strong Man )ပုံစံတွေကလည်း ကမ္ဘာနိုင်ငံရေးမှာဒုနဲ့ဒေးပါပဲ။ ပါတီစုံစနစ် ဖြစ်နေရင်တောင် တပါတီကပဲ အ
မြဲလွှမ်းမိုးနေတတ်တဲ့သဘောတွေအများကြီးပါ။
ကမ္ဘောဒီးယားက ဟွန်ဆန်တို့စင်ကာပူကလီကွန်းယူတို့ဟာလည်း”ပါတီကြီးတခုလွှမ်းမိုးတဲ့စနစ်”(Dominant Party) ထဲက လူတွေပါပဲ။
အာရက္ခပြည်နဲ့ပတ်သက်လို့ ကောက်ချက်တခုတော့ ရှိပါတယ်။ တကယ်လို့ တည်ဆောက်ရေးကာလမှာ ပါတီစုံဖြစ်
ခဲ့ရင်တောင် ULA ဟာ အမြဲလွမ်းမိုးနေတဲ့”ပါတီကြီးတခု”အဖြစ် အချိန်ကာလတခုထိ ဆက်ရှိနေမှာသေချာပါတယ်။
တပါတီစနစ်နဲ့”ပါတီကြီးတခုလွှမ်းမိုးတဲ့စနစ်”ကြားမှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိတဲ့ ဒီမိုကရေစီနိုင်ငံရေးပဲကွာပါတယ်။
တကယ်လို့ တော်လှန်ရေးကာလဖြစ်နေလို့ ဒီမိုကရေစီကိုကျင့်သုံးလို့မရဘူးလို့ ပြောနေရင်လည်း အဲဒီလိုပြောနေသူတွေကို ဒါဆိုဘာကြောင့် KNU လို ဒီမိုကရက်အဖွဲ့အစည်းမျိုးရှိနေရတာလဲလို့ ပြန်မေးရပါလိမ့်မယ်။
ကိုးကား…
ဗဟိုအာရှ…
တရုတ်…
- The China Model: Political Meritocracy and the Limits of Democracy (Book) (Link: Princeton University Press – The China Model)
- Policy Experimentation in China’s Economic Rise (Link: Studies in Comparative International Development (Heilmann))
- Authoritarian Resilience (Journal of Democracy) (Link: Journal of Democracy – Authoritarian Resilience)
- Council on Foreign Relations (CFR) – The CCP’s Legitimacy Puzzle
- Deng Xiaoping and the Transformation of China by Ezra Vogel. ( Link: Harvard University Press)









