Border News Agency
လွိုင်လင်၊ဧပြီ ၂၃။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့အဝင် နေမင်းအောင်တိုးဂိတ်မှာ ဧပြီလ ၂၀ ရက်နေ့က ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေ တင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်တစီးကို ဖမ်းမိခဲ့တယ်လို့ စစ်ကော်မရှင်တပ်ရဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက တိုးဂိတ်မှာ စစ်ဆေးစဉ် လွိုင်လင်ကနေ တောင်ကြီးဘက်ကို မောင်းနှင်လာတဲ့ အဲဒီယာဉ်ပေါ်က ပြောင်းအိတ်တွေကြားထဲမှာ ဝှက်ယူလာတဲ့ အိုက်စ် ကီလိုဂရမ် ၁,၂၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီဖမ်းဆီးရမိတဲ့ ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ မိုင်းလားကနေ ချောင်းဦးမြို့ကို ပြန်လာစဉ် နမ့်စန်မြို့က ပြောင်းပွဲရုံတခုမှာ ကုန်တင်ဖို့ ချိတ်ဆက်ခဲ့ရာကနေ အခုလို မူးယစ်ဆေးဝါးပါတဲ့ အိတ်တွေကို ပြောင်းအိတ်တွေနဲ့ရောပြီး တင်ဆောင်ပေးလိုက်တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်နေတဲ့ နမ့်စန်မြို့က ပွဲရုံပိုင်ရှင်တွေကိုလည်း စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီး စစ်ဆေးနေသလို မူးယစ်ဆေးဝါးတွေကို ပွဲရုံမှာ လာရောက်အပ်နှံခဲ့တဲ့ အမျိုးသားတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေနဲ့ မူးယစ်ဆေးဝါးတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း အမှုဖွင့် အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့လည်းဆိုပါတယ်။










