Border News Agency
ရုရှား၊ ဧပြီ ၂၇။
အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သံတမန်နည်းလမ်းအရ ကြိုးပမ်းနေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီဟာ ပါကစ္စတန်နဲ့ အိုမန်ခရီးစဉ်တွေအပြီး ဧပြီလ ၂၇ ရက်၊ဒီနေ့မနက်မှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ရောက်ရှိလာပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေးအပြင် လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်-အီရန် စစ်ပွဲရပ်စဲရေးကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးလိုရင် သူဆီကို တိုက်ရိုက်ဖုန်းဆက်နိုင်ကြောင်း ပြောဆိုထားပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ အဓိက အငြင်းပွားနေတဲ့ အချက်တွေကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အချက်အခြာကျတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုတွေပဲ ဖြစ်ပါတယ်။
အစ္စလာမ္မာဘတ်မြို့က သံတမန်သတင်းရင်းမြစ်တွေအရ နှစ်ဖက်စလုံး သဘောတူညီမှုရနိုင်မယ့် မူဘောင်တခုဆီ ဦးတည်နေပြီလို့ ဆိုပါတယ်။
တဖက်မှာလည်း အစ္စရေးနဲ့ ဟစ်ဇဘိုလာအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပေမဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး မနေ့က လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။






