Border News Agency
ရန်ကုန်၊ ဧပြီ ၂၈။
ထူးထရေးဒင်းကုမ္ပဏီအပါအဝင်ကုမ္ပဏီတဆယ့်ခုနှစ်ခုဟာ ပို့ကုန်ရငွေကြွေးကျန်တွေအပြည့်အဝပြန်လည်ပေးသွင်းပြီးဖြစ်တာကြောင့် သူတို့အပေါ် ချမှတ်ထားတဲ့အမည်မည်းစာရင်းနဲ့ ပြည်ဝင်ထွက်ခွင့်တားမြစ်ချက်တွေကို ပြန်လည်ပယ်ဖျက်ပေးလိုက်တယ်လို့ ဗဟိုဘဏ်က ဧပြီလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်တာမရှိတဲ့ ကုမ္ပဏီပေါင်း ၅၆၇ ခုနဲ့ သူတို့ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းသွင်းတာ၊ ခရီးသွားလာခွင့်ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း ပို့ကုန်ရ ငွေပြန်သွင်းတဲ့ ကုမ္ပဏီ ၂၉ ခုကို စာ ရင်းကပယ်ဖျက်ပေးခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ အဆိုအရ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ်လထိ ပို့ကုန်တင်ပို့ပြီး ရငွေပြန်မသွင်းတဲ့ ကုမ္ပဏီပေါင်း ၄၈၀ ကျော်ကို အမည်မည်းစာရင်းသွင်းထားတာဖြစ်ပါတယ်။
အဲဒီအထဲမှာ အမေရိကန်ဒေါ်လာငါးသိ န်းနဲ့အထက် ရရန်ရှိနေတဲ့ ကုမ္ပဏီကြီး ရှစ်ဆယ်ကျော်ပါဝင်နေပါတယ်။
အဲဒီလိုအမည်မည်းစာရင်းသွင်းတာနဲ့ ပြည်ဝင်၊ ထွက်ခွင့် ပိတ်ပင်တာတွေကို ဗဟိုဘဏ်ရဲ့ ညှိနှိုင်းချက်အရ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့လဝကဝန်ကြီးဌာနက ပေါင်းလုပ်ခဲ့တာပါ။
နိုင်ငံခြားငွေလိုအပ်ချက်ရှိနေတဲ့ စစ်ကော်မရှင်တပ်ဟာ ပို့ကုန်ရငွေတွေကို သတ်မှတ်ရက်အတွင်း ပြန်သွင်းဖို့ လုပ် ငန်းရှင်တွေကို ဖိအားပေးနေပြီး ပြန်သွင်းတဲ့ကုမ္ပဏီတွေကို အမည်မည်းစာရင်းကပြန်ဖျက်ပေးနေတာဖြစ်ပါတယ်။






