Border News Agency
ထိုင်း၊ ဧပြီ ၃၀။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဖာလုံ(Mae Fa Luang)မြို့နယ်ရှိ သဘာဝလမ်းကြောင်းတခုမှာ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနယ်စပ်လုံခြုံရေး ဖာမိူင်းတပ်ဖွဲ့နဲ့ မူးယစ်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်အတွင်း မူးယစ်အဖွဲ့ဘက်က ၂ ဦးသေဆုံးပြီး စိတ်ကြွဆေးပြား ၂ သန်းကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီနယ်စပ်လမ်းကြောင်းအတိုင်း ကျောပိုးအိတ်တွေနဲ့ လျှောက်လာတဲ့ သံသယဖြစ်ဖွယ် လူ ၁၅ ဦးခန့်ကို ထိုင်းတပ်ဖွဲ့က စစ်ဆေးဖို့ ကြိုးစားစဉ် နှစ်ဖက်ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ သေဆုံးနေတဲ့ မူးယစ်အဖွဲ့ဝင် အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းနဲ့အတူစိတ်ကြွဆေးပြားကျောပိုးအိတ် ၁၂ အိတ်ကို တွေ့ရှိခဲ့တာပါ။
အဲဒီအိတ်တအိတ်မှာ ဆေးပြား ၂ သိန်းစီ ပါဝင်ပြီး စုစုပေါင်း ဆေးပြား၂ ဒသမ ၄ သန်း ရှိတယ်လို့ဆိုပါတယ်။
ထိုင်းနယ်စပ်တပ်ဖွဲ့ဟာ အဲဒီမြေတဝိုက်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ အင်အားဖြည့်တင်းပြီး နယ်မြေစိုးမိုးရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေကို တားဆီးနိုင်ဖို့ နယ်စပ်တလျှောက် ကင်းလှည့်စစ်ဆေးမှုတွေကိုလည်း တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံအတွင်းကို သဘာဝလမ်းကြောင်းကတဆင့် ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။











