Border News Agency
ထိုင်း၊ဇူလိုင် ၂။
ထိုင်းနိုင်ငံ၊မုခ်ဒဟန်ခရိုင်၊ နာစီနွယ်လ် (Na Si Nuan)လမ်းမကြီးပေါ်မှာ ဇူလိုင်လ ၂ ရက်၊ဒီနေ့ မနက်က အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တဦး မိဘတွေရဲ့ ပစ်ကပ်ကားကို ခိုးယူမောင်းနှင်လာရင်း လမ်းလျှောက်ကြွချီနေတဲ့ သံဃာအဖွဲ့ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် အနည်းဆုံး သံဃာတော်ခြောက်ပါးအထိ နေရာမှာတင် ပျံလွန်တော်မူခဲ့ရပြီး အခြားသံဃာတော် အများအပြားလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
အဲဒီတိုက်မိတဲ့ ပစ်ကပ်ကားဟာ နံပါတ် ၁၉၄၄ ဖြစ်ပြီး အတိုက်ခံရတဲ့ သံဃာအဖွဲ့ဟာ သံဃာတော်အပါးသုံးဆယ်ကျော်ပါဝင်တဲ့ ဓုတင်ဆောင်သံဃာတော်တွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ဒဏ်ရာရသံဃာတော်တွေကိုအရေးပေါ်ကူညီပေးနေပြီး ဖြစ်စဉ်အသေးစိတ်ကိုစုံစမ်းစစ်ဆေးနေကြပါတယ်။















