Border News Agency
အင်းစိန်၊မေ ၁။
အာဏာသိမ်းစစ်တပ်က အကျဉ်းသား ၁,၅၀၀ ကျော်ကိုလွတ်ငြိမ်းခွင့်ပြုတယ်လို့ ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တဦးမှ ပါဝင်တာမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၃၀ ရက်နေ့ကထုတ်ပြန်ပါတယ်။
ကဆုန်လပြည့်နေ့ မှာပြုလုပ်တဲ့ အဲဒီလွတ်ငြိမ်းခွင့်နဲ့ ပတ်သက်ပြီး PPNM ရဲ့ ကနဦးစုံစမ်းချက်အရ အကျဉ်းထောင် ၁၇ ခုကနေ လွတ်မြောက်လာသူ ၃၃၀ ကျော်လုံးဟာ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေသာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
အင်းစိန်၊ အိုးဘို၊ သာယာဝတီနဲ့ တောင်ငူ အပါအဝင် အကျဉ်းထောင်အသီးသီးက လွတ်လာသူတွေကို ဆက်လက်စိစစ်နေပေမယ့် လက်ရှိအချိန်အထိတော့ နိုင်ကျဉ်းတွေ ပါဝင်လာတာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ပြီး လွတ်ငြိမ်းခွင့်ပေးတယ်လို့ ဆိုနေပေမယ့် အမှန်တကယ် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အကျဉ်းထောင်တွေထဲမှာ ဆက်လက်ပိတ်လှောင်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို လွတ်ငြိမ်းခွင့်ဟာ နိုင်ငံတကာနဲ့ ပြည်သူတွေကို လှည့်စားတဲ့ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ PPNM က ဝေဖန်လိုက်ပြီး မတရားဖမ်းဆီးခံထားရသူအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။






