Border News Agency
ဂါဇာ၊ သြဂုတ် ၁၁။
ဂါဇာစစ်ပွဲအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ အယ်လ်ဂျာဇီးရားသတင်းထောက် အာနတ်စ် အယ်လ်ရှာရစ်အတွက် အမှတ်တရဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။
သူကွယ်လွန်ခဲ့တာ ဩဂုတ်လ ၁၀ ရက်နေ့မှာ တနှစ်ပြည့်သွားခဲ့ပြီမို့ ဂါဇာပြည်သူတွေနဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာပါ။
အာနတ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဩဂုတ်လ ၁၀ ရက်တုန်းက ဂါဇာမြို့ အယ်လ်ရှီဖာ ဆေးရုံအနီးက သတင်းထောက်တွေစခန်းချရာ တဲအတွင်းရှိနေတုန်း အစ္စရေးရဲ့ လေကြောင်းကနေပစ်ခတ်မှုကြောင့် အခြား သတင်းထောက်လုပ်ဖော်ကိုင်ဖက်သုံးဦးနဲ့အတူ သေဆုံးသွားခဲ့တာပါ။
ဂျာဘာလီယာဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အာနတ်စ်ဟာ ဂါဇာမှာ စစ်ပွဲကြောင့် ဒေသခံတွေကြုံတွေ့နေရတဲ့ဒုက္ခတွေကို မနားတမ်းသတင်းယူတင်ဆက်ပေးခဲ့သူဖြစ်ပြီး အာရပ်ကမ္ဘာမှာတော့ လူသိများထင်ရှားတဲ့ သတင်းထောက်တဦး ဖြစ်ပါတယ်။
သူမသေဆုံးမီမှာ ဂါဇာပြည်သူတွေရဲ့ ဒုက္ခကို မေ့မပစ်ကြဖို့နဲ့ ပါလက်စတိုင်းအတွက် ဆက်လက်ရပ်တည်ပေးကြဖို့ သေတမ်းစာမှာကြားခဲ့တာဖြစ်ပြီး ဒီစကားတွေဟာ ဒီနေ့အထိလူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေဆဲပါ။
ဂါဇာမှာ စစ်ပွဲစကတည်းက သတင်းထောက်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အပြင်းအထန်ရှုတ်ချထားကြပါတယ်။













