Border News Agency
အမေရိကန်၊ မေ ၁။
အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပိတ်ဆို့ထားပေမယ့် အီရန်ဟာ အလံအတုလွှင့်တာနဲ့ လမ်းကြောင်းခြေရာခံစနစ် (AIS) တွေကို ပိတ်ထားတဲ့ အရိပ်ပြောက်ကျား ရေယာဉ်အုပ်စုကိုသုံးပြီး ပိတ်ဆို့မှုကို ကျော်ဖြတ်နေတယ်လို့ Al Jazeera ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လကနေ ဧပြီလလယ်အထိ စစ်ပွဲနဲ့ ပိတ်ဆို့မှုတွေကြားကနေရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘော အစင်းရေ ၂၀၀ ကျော်ကို လေ့လာခဲ့ရာမှာ ၄၀ ရာခိုင်နှုန်းနီးပါးဟာ အီရန်နဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီသင်္ဘောတွေဟာ ပင်လယ်ထွက်ပေါက်မရှိတဲ့ ဘော့ဆွာနာနဲ့ ဆန်မာရီနိုနိုင်ငံတို့ရဲ့အလံအတုတွေကိုလွှင့်ထူတာ၊ကုမ္ပဏီအမည်အတုတွေသုံးတာနဲ့ တည်နေရာပြစနစ်တွေကို မှောက်ပစ်တဲ့နည်းတွေသုံးပြီး အမေရိကန်ရေတပ်ကို မျက်စိလည်အောင် လုပ်နေကြတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် ရေလက်ကြားမှာပုံမှန်ကုန်သွယ်မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပေမယ့် အီရန်ရဲ့ရေနံနဲ့ ကုန်စည်တွေကိုတော့ ဒီအရိပ်ပြောက်ကျားသင်္ဘောတွေက ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေအထိ အရောက်ပို့ဆောင်ပေးနေပါတယ်။
အဲဒီစစ်ပွဲကြောင့် ရေလက်ကြားအတွင်း သင်္ဘောအစင်း ၂,၀၀၀ ကျော်နဲ့ သင်္ဘောသား ၂ သောင်းလောက် ပိတ်မိနေပြီး ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံး ရေကြောင်းအကျပ်အတည်း ဖြစ်တယ်လို့လည်း နိုင်ငံတကာရေကြောင်းအဖွဲ့ (IMO) က သတိပေးထားပါတယ်။






