Border News Agency
နေပြည်တော်၊မေ ၁။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်အထိဓားစာခံအဖြစ် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အသက်ရှင်လျက်ရှိနေတယ်ဆိုရင် ခိုင်လုံတဲ့သက်သေပြဖို့ သားဖြစ်သူကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။
မနေ့ကကျရောက်တဲ့ ကဆုန်လပြည့်နေ့ မှာ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ထောင်ဒဏ်လျှော့ပေါ့ပေးတယ်ဆိုတာဟာ လွတ်မြောက်တာမဟုတ်သလို မိခင်ဖြစ်သူနဲ့ ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မရရှိတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က ထောင်ဒဏ်လျှော့ရက်တွေကြောင့် ထောင်ဒဏ် ၂၂ နှစ်ကျော် ကျခံဖို့ ကျန်ရှိနေရာကနေ အခုတခေါက် ထပ်မံလျှော့ပေါ့ပေးပေးခဲ့ပါတယ်။
ဒါပေမယ့် သားဖြစ်သူ ကိုထိန်လင်းကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး လက်တွေ့ကျကျ အသက်ရှင်နေကြောင်း သက်သေပြဖို့ အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး မတရားစွပ်စွဲချက် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၅ နှစ်အထိ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူမကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို အတိအကျ မသိရသေးသလို ပြင်ပနဲ့လည်း အဆက်အသွယ် လုံးဝဖြတ်တောက်ထားခံရဆဲ ဖြစ်ပါတယ်။






