Border News Agency
ဘန်ကောက်၊ မေ ၁။
ဘန်ကောက်မြို့တော်ရဲ့အပူချိန်အညွှန်းကိန်းဟာ အလွန်အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ပြင်မထွက်ကြဖို့ မြို့တော်အုပ်ချုပ်ရေးဌာနက ဧပြီလ ၃၀ ရက်နေ့ မှာသတိပေးလိုက်ပါတယ်။
ခန္ဓာကိုယ်က တကယ်ခံစားရတဲ့ အပူချိန်ဟာ ၅၂ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြင့်နိုင်တယ်လို့ သိရပါတယ်။
အခုလို အပူရှိန်လွန်ကဲတဲ့အတွက် မူးဝေတာ၊ကြွက်တက်တာတွေ ဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ရှိတဲ့ အပူလျှပ်တာ (Heatstroke) တွေအထိ ဖြစ်ပွားနိုင်ပါတယ်။
အဲဒီထဲ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရောဂါအခံရှိသူတွေအနေနဲ့ ပိုပြီးတော့ သတိထားကြဖို့ လိုအပ်ပါတယ်။
အပြင်ဘက်မှာအလုပ်လုပ်ရသူတွေအနေနဲ့လည်း ပြင်ပလှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် နီးစပ်ရာဆေးရုံကို ချက်ချင်းသွားကြဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။
တကယ်လို့ အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ အကူအညီတွေ လိုအပ်လာရင်တော့ ထိုင်းနိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။
ကိုးကား – ထိုင်းသတင်းတွေ
ဓာတ်ပုံ – BNA






