Border News Agency
ထိုင်း၊ မေ ၂။
ထိုင်းနိုင်ငံ၊မဲဟောင်ဆောင်ခရိုင်၊ သံလွင်မြစ်ကမ်းနားက မယ်စမ်လပ်ကုန်သွယ်ရေးဂိတ်အနီးမှာ မြန်မာနိုင်ငံဘက်ကို ခိုးထုတ်မယ့် တပတ်ရစ်ဆိုင်ကယ် ၄ စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးမှုကို မယ်စရင်းအကောက်ခွန်ဌာန၊စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေရဲ့ ကာလတန်ဖိုးဟာ ဘတ် ၅၅,၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်ဟာ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ အကောက်ခွန်ဥပဒေအရ အကောက်ခွန်လုပ်ယထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ကုန်စည်တွေကို တရားမဝင် တင်ပို့ဖို့ ကြိုးပမ်းမှုနဲ့ အရေးယူခံရမှာပါ။
ဆိုင်ကယ်တွေပြည်ပကို တင်ပို့ချင်ရင် သက်ဆိုင်ရာဌာနတွေမှာ စနစ်တကျ မှတ်ပုံတင်ရမှာဖြစ်သလို အကောက်ခွန်စာရွက်စာတမ်း အပြည့်အစုံ တင်ပြရမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ သက်ဆိုင်ရာ အကောက်ခွန်ဌာနကို လွှဲပြောင်းပေးထားပါတယ်။










