Border News Agency
ကရင်နီ၊ မေ ၄။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၅ နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးမှာ ပါဝင်နေတဲ့ CDM ဝန်ထမ်းတွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တွေ့ဆုံဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ရာထူးနဲ့ လစာတွေကို စွန့်လွှတ်ပြီး ပြည်သူ့တော်လှန်ရေးမှာ ပေးဆပ်နေကြတဲ့ CDM ဝန်ထမ်းတွေ စိတ်ဓာတ်မကျစေဖို့အတွက် မိတ်ဆုံစားပွဲနဲ့ ဂုဏ်ပြုအားပေးတဲ့ အစီအစဉ်ကို မေလ ၂ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
ကရင်နီပြည်နယ်အတွင်းမှာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းပေါင်း ၅,၆၀၀ ကျော်ရှိနေပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာတဲ့အထိ အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ CDM ဝန်ထမ်းမိသားစုတွေကို ထောက်ပံ့တာနဲ့ အသက် ၆၀ ပြည့်ပြီးတဲ့ CDM တွေကို ကူညီနိုင်ဖို့အတွက်လည်း KSCS က ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ CDM ဝန်ထမ်း ၄ သိန်းကျော်ရှိခဲ့ရာမှာ ကာလကြာရှည်လာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြပေမယ့် အများစုကတော့ အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။









