Border News Agency
အီရန်၊ မေ ၄။
အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ဖို့အတွက် အီရန်အစိုးရကအချက် ၁၄ ချက်ပါဝင်တဲ့ ငြိမ်းချမ်းရေးအဆိုပြုလွှာသစ်တခုကို အမေရိကန်ထံ တင်သွင်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီအဆိုပြုလွှာမှာ အမေရိကန်တပ်တွေ အီရန်အနားက ဆုတ်ခွာပေးဖို့၊ ပိတ်ဆို့ထားတဲ့ အီရန်ပိုင်ငွေတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားအတွက်ယန္တရားအသစ်တခု ဖော်ဆောင်ဖို့ စတဲ့အချက်တွေ ပါဝင်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကမ်းလှမ်းချက်ကို သူကိုယ်တိုင် စေ့စေ့စပ်စပ်လေ့လာနေပေမယ့် အီရန်နဲ့ သဘောတူညီချက်ရဖို့ စိတ်ချလက်ချမရှိသေးဘူးလို့ မေလ ၂ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
အဓိကအငြင်းပွားနေတာကတော့ အီရန်ရဲ့ နျူကလီးယားစွမ်းရည်ကိစ္စဖြစ်ပြီး ထရမ့်က ဒါကို အနီရောင်စည်းအဖြစ် သတ်မှတ်ထားသလို အီရန်ဘက်ကလည်း ယူရေနီယံသန့်စင်ခွင့်ကို သူတို့ရဲ့ အချုပ်အခြာအာဏာအဖြစ်ဆုပ်ကိုင်ထားတာပါ။
ဒါကြောင့်နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲထားပေမယ့် အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်ဘက်ကသာ မလျော်မကန်လုပ်လာရင် တိုက်ခိုက်မှုတွေ ပြန်စဖို့ ဝန်မလေးဘူးလို့ သမ္မတထရမ့်က ထပ်လောင်းသတိပေးထားပါတယ်။






