Border News Agency
တီမော၊ မေ ၅။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စ်တေနိုင်ငံတရားရုံးမှာ အမှုတွဲသစ်တခုကို မေလ ၄ ရက်၊ မနေ့က ထပ်တိုးတင်သွင်းလိုက်ပါတယ်။
အဲဒီအမှုတွဲကို CHRO ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ် ကိုယ်တိုင် တီမောနိုင်ငံ ဒီလီမြို့ ခရိုင်တရားရုံးကို သွားရောက်တင်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တရားစွဲထားတဲ့အမှုကို အခုထပ်တိုးလာတဲ့ သက်သေအထောက်အထားတွေနဲ့အတူ အရှိန်မြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
အခုတင်သွင်းတဲ့အမှုတွဲထဲမှာ ချင်းပြည်အတွင်းကျူးလွန်ခဲ့တဲ့ တုန်လှုပ်ချောက်ချားစရာဖြစ်ရပ်တွေ ပါဝင်နေပါတယ်။
အဲဒီထဲမှာ ၇လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကို အာဏာသိမ်းစစ်ခေါင်းဆောင်တပ်သားတွေ အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ ကလေးငယ်နဲ့ သတင်းထောက်အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ဘာသာရေးခေါင်းဆောင်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာနဲ့ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်တာတွေပါဝင်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အင်ဒိုနီးရှားတရားရုံးမှာလည်း ရိုဟင်ဂျာအရေးနဲ့ တရားစွဲခံထားရသလို အခုတီမောတရားရုံးက အမှုတွဲသစ်ဟာလည်း သူ့ကို နိုင်ငံတကာမှာ အကျပ်ရိုက်စေမယ့် ခြေလှမ်းသစ်တခုဖြစ်လာနိုင်ပါတယ်။




