Border News Agency
မကွေး၊ မေ ၂၆။
မကွေးမြို့နယ်နဲ့မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွေမှာ စုစုပေါင်းငွေကျပ်သိန်း ၄,၇၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မေလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမကွေးမြို့နယ်၊ ကန်ဖျားကျေးရွာအနီးမှာ မေလ ၂၄ ရက်နေ့ ညနေပိုင်းက နတ်မောက်ဘက်ကမောင်းလာတဲ့ ပရာဒိုကားတစီးကို စစ်ဆေးရာကနေ ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃ သိန်းကို ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီဆေးပြားတွေနဲ့အတူ ကားမောင်းလာသူ အသက် ၄၈ နှစ်အရွယ် ဟန်မင်းကို (ခ) မင်းမင်းကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနေ့မှာပဲ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက် ကားဂိတ်မှာ မီနီအိုးဝေနဲ့ပစ္စည်းလာထုတ်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုညီညီဝိုင်းဆီကနေ ငွေကျပ် ၂၀၇ သိန်းတန် ဘိန်းစိမ်း ၂၃ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူနှစ်ဦးစလုံးကို သက်ဆိုင်ရာရဲစခန်းတွေမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့က ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။




