Border News Agency
ဘင်္ဂလားဒေ့ရှ်၊ မေ ၂၆။
အာရက္ခတပ်တော်(AA)က အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်နေချိန်ကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ် – အာရက္ခနယ်စပ်တလျှောက်မှာ ARSA၊ ARA နဲ့ RSO စတဲ့ အစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေက မိုင်းထောင်တာ၊ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မေလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်၊ နယ်စပ်မှာ မေလ ၂၄ ရက်၊ မနက် ၁၁ နာရီအချိန်က မိုင်းပေါက်ကွဲလို့တောင်ယာလုပ်ကိုင်နေသူသုံးဦး သေဆုံးခဲ့ရတဲ့အတွက် မိသားစုတွေနဲ့ထပ်တူဝမ်းနည်းရတယ်လို့ ULA က ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစွန်းရောက်အဖွဲ့တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ မီဒီယာတချို့က မိုင်းတွေကို ULA/AA က ထောင်ထားတာလို့ စွပ်စွဲပြောဆိုနေကြပေမယ့် ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာရှိပြီး မိမိတို့နဲ့လုံးဝသက်ဆိုင်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အဲဒီနေရာဟာ ARSA၊ ARA၊ RSO စတဲ့အဖွဲ့တွေ အဓိကလှုပ်ရှားသွားလာပြီး ဘင်္ဂလားဒေ့ရှ်ဒေသခံတိုင်းရင်းသားတွေကို မသွားလာဖို့ ကန့်သတ်ထားတဲ့နယ်မြေဖြစ်တာကြောင့် နယ်စပ်ဒေသကပြည်သူတွေဟာ တောတောင်တွေနဲ့သွားလာနေကျနေရာတွေမှာ အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။
အဲဒီမိုင်းပေါက်ကွဲမှုဟာ ULA/AA နဲ့မသက်ဆိုင်ကြောင်းနဲ့ နယ်စပ်တလျှောက်အ စွန်းရောက်အဖွဲ့တွေရဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့ရှိ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုပါတယ်။



