Border News Agency
မကွေး၊ မေ ၆။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတဲ့ ၅ နှစ်ပြည့်မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားရာမှာ စစ်ဆင်ရေးနယ်မြေတချို့မှာ ယာယီဆုတ်ခွာခဲ့တာဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူတွေအစုလိုက်အပြုံလိုက် ထိခိုက်မှုမရှိအောင် ငဲ့ကွက်တဲ့ နည်းဗျူဟာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တွေရဲ့ ဟန်ချက်ညီတဲ့ ပူးပေါင်းထိုးစစ်တွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းတွေနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိမှာ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ကို အလုံးစုံကူးပြောင်းနိုင်ခဲ့ပြီလို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေအနေနဲ့ လက်နက်ခဲယမ်းထက် စစ်ဘက်ကျင့်ဝတ်ကို ပိုမိုတန်ဖိုးထားဖို့နဲ့ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လုပ်နည်းလုပ်ဟန်အမှားတွေကိုလုံးဝရှောင်ကြဉ်ပြီး လူထုယုံကြည်အားကိုးရတဲ့ ပြည်သူ့ရင်သွေးတွေဖြစ်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ရန်သူဟာ လက်နက်နဲ့ လူအင်အားသာပေမယ့် တော်လှန်ရေးစိတ်ဓာတ်ကို ဖြိုလဲဖို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်တိုက်ခိုက်နေတာကို သတိပြုဖို့လိုကြောင်း၊ စစ်ပွဲတခုရဲ့ အဆုံးအဖြတ်ဟာ လက်နက်ထက် တိုက်ပွဲဝင်သူတွေရဲ့ မယိမ်းယိုင်တဲ့ယုံကြည်ချက်အပေါ်မှာပဲ မူတည်တယ်လို့လည်းဆိုပါတယ်။
တော်လှန်ရေးခရီးဟာ ပန်းတိုင်မရောက်မချင်း လျှောက်ရမယ့် ခရီးရှည်ဖြစ်လို့ ရဲဘော်တွေအနေနဲ့ ဇွဲမလျှော့ဘဲ ဆက်လက်ချီတက်ကြဖို့နဲ့ အာဏာသိမ်းစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မယ်ဆိုတာယုံကြည်တယ်လို့လည်းဆိုပါတယ်။






