Border News Agency
မြောက်ဦး၊ မေ ၇။
မြန်မာနိုင်ငံတဝှမ်းမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်ကြောင့် အမျိုးသမီး ၁၇၄ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
အဲဒီ သေဆုံးခဲ့ရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေး ၃၆ ဦး ပါဝင်နေပြီး စစ်ကိုင်းတိုင်းက ၄၂ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။
ပဲခူးတိုင်းကတော့ သေဆုံးသူ ၄၀ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အမျိုးသမီး ၁၂၂ ဦးအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အသက်ဆုံးရှုံးခဲ့ရတာပါ။
အဲဒီကာလအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်ဟာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး ၄ ဦးကို မတရားဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေဟာ ရန်ကုန်က ၂ ဦး၊ ဧရာဝတီက ၁ ဦးနဲ့ ရှမ်းပြည်နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။
AAPP အနေနဲ့ အခုသေဆုံးသူစာရင်းတွေကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုပြီး သေဆုံးသူတွေ ရှိနိုင်ပါသေးတယ်။






