Border News Agency
စစ်ကိုင်း၊မေ ၉။
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်ထဲမှာ စစ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် စတားလင့် အင်တာနက်စက်အားလုံးကို မေလ ၈ ရက်၊မနေ့ကစပြီး ယာယီပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
အခုလို ပိတ်ခိုင်းရတာဟာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာတာကြောင့်လို့ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ သတင်းပေးဒလန်တွေက စတားလင့်ကိုသုံးပြီး သတင်းပေးပို့နေတာတွေကို တားဆီးဖို့အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
စတားလင့်သုံးပြီး သတင်းပေးနေတာတွေကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရသလို PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာလည်း သတင်းလုံခြုံမှုမရှိဘဲ အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သတင်းလုံခြုံမှုရှိစေဖို့အတွက် NUG ရုံးလုပ်ငန်းသုံးစက်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ စတားလင့်စက်တွေကလွဲလို့ ကျန်တဲ့စက်အားလုံးကို ယာယီပိတ်ထားရမှာပါ။
အဲဒီကနီမြို့နယ်အတွင်းမှာ စစ်ရေးအရှိန် မြင့်တက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပြီး သတိထားနေထိုင်ကြဖို့ကိုလည်း အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။






