Border News Agency
အိုမန်၊မေ ၉။
အိုမန်ပင်လယ်ကွေ့အတွင်းမှာ သွားလာနေတဲ့ ဘာဘေးဒိုးစနိုင်ငံအလံတင် Ocean Koi ဆီတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အထူးစစ်ဆင်ရေးတရပ်နဲ့ သိမ်းဆည်းလိုက်ပါတယ်။
အဲဒီသင်္ဘောဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုနဲ့ အမျိုးသားအကျိုးစီးပွားကို နှောင့်ယှက်ဖို့ ကြိုးစားနေတာကြောင့် အခုလို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အီရန်ရေတပ်ရဲ့ ထုတ်ပြန်ချက်အရ သူတို့ရဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ အဲဒီသင်္ဘောကို အီရန်တောင်ပိုင်း ကမ်းရိုးတန်းဆီ ဦးတည်မောင်းနှင်စေခဲ့ပြီး လက်ရှိမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံအနေနဲ့ မိမိတို့ပိုင်နက်အတွင်း အကျိုးစီးပွားတွေကို ထိပါးလာမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို သည်းခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကာကွယ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာ အီရန်ဘက်က ရေကြောင်းဆိုင်ရာ စည်းမျဉ်းအသစ်တရပ်ကို စတင်ကျင့်သုံးလိုက်တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
အဲဒီ ကမ္ဘာ့ရေနံငါးပုံတပုံ ဖြတ်သန်းနေတဲ့ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအနေနဲ့ အီရန်အာဏာပိုင်တွေဆီ အီးမေးလ်ကနေတဆင့် ကြိုတင်ခွင့်ပြုချက်ယူရမှာဖြစ်သလို အခွန်အခတွေပါ ပေးဆောင်ရမယ်လို့ အီရန်ဘက်က သတ်မှတ်လိုက်တာပါ။
ဒီလို သင်္ဘောဖမ်းဆီးမှုဟာ အမေရိကန်နဲ့ အီရန်ကြားက မရေရာတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။
အီရန်အနေနဲ့ မိမိတို့ဘက်က အသာစီးရဖို့အတွက် ဒီလို မဟာဗျူဟာကျတဲ့ ရေလက်ကြားတွေကို အသုံးပြုပြီး နိုင်ငံရေးအရ ဖိအားပေးနေတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေကြောင့် ဟောမုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရပြီး သင်္ဘောသားပေါင်း ၂၀,၀၀၀ ခန့်ဟာ ပင်လယ်ပြင်မှာ ပိတ်မိနေကြပါတယ်။
ဒီလုပ်ရပ်ဟာ ဒေသတွင်း ရေကြောင်းလုံခြုံရေးကို ပိုပြီး စိုးရိမ်စရာဖြစ်စေသလို ကမ္ဘာ့ရေနံစျေးကွက်အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။






