Border News Agency
အီရန်၊မေ ၁၁။
စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် အမေရိကန်က တင်သွင်းထားတဲ့ အဆိုပြုချက်အပေါ် အီရန်ဘက်က တုံ့ပြန်ချက်ကို ကြားခံစေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံကတဆင့် ပေးပို့လိုက်ပြီလို့ အီရန်အစိုးရပိုင် IRNA သတင်းဌာနက မေလ ၁၀ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်က အီရန်ရဲ့ အဖြေကို မကြာခင်ရတော့မယ်လို့ မျှော်လင့်နေချိန်မှာပဲ အခုလို အကြောင်းပြန်စာ ရောက်ရှိလာတာပါ။
အီရန်ဘက်က အဆိုပြုချက်ပါ အချက်အလက်တွေကို နည်းပညာအရရော၊ နိုင်ငံရေးအရပါ အသေးစိတ် သုံးသပ်ပြီးမှ အကြောင်းပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီအကြောင်းပြန်စာထဲမှာ အမေရိကန်က တောင်းဆိုထားတဲ့ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးတို့အပေါ် အီရန်ဘက်က ဘယ်လိုသဘောထားမျိုး တုံ့ပြန်ထားသလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘယ်လိုသဘောတူညီချက်မျိုးမဆို မျှတမှုရှိရမှာဖြစ်သလို သူတို့တောင်းဆိုထားတဲ့ စစ်ပွဲကို ကဏ္ဍစုံမှာ အပြီးသတ်ရပ်စဲရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေးတို့အပေါ်မှာလည်း အမေရိကန်ဘက်က အာမခံချက်ပေးဖို့ မျှော်လင့်နေပါတယ်။
ဒါဟာ ၇၂ ရက်ကြာ မြင့်တက်နေတဲ့ အမေရိကန်-အီရန် စစ်ရေးပဋိပက္ခတွေကို ပြေလည်စေဖို့အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းတခုဖြစ်ပြီး အမေရိကန်ဘက်က အီရန်ရဲ့ တုံ့ပြန်ချက်အပေါ် ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကိုတော့ ကမ္ဘာတဝှမ်းက စောင့်ကြည့်နေကြပါတယ်။






