Border News Agency
တရုတ်၊မေ ၁၂။
အီရန်ရဲ့ စစ်ရေးလုပ်ငန်းစဉ်တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အမေရိကန်က တရုတ်အခြေစိုက် ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် တရုတ်အစိုးရက မေလ ၁၁ ရက်၊မနေ့ကကန့်ကွက်လိုက်ပါတယ်။
အဲဒီလိုပိတ်ဆို့မှုဟာ တရားမဝင်သလို တဖက်သတ် လုပ်ဆောင်တာဖြစ်တယ်လို့ တရုတ်ဘက်က တုံ့ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့နိုင်ငံက လုပ်ငန်းတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ အမြဲညွှန်ကြားထားပြီးသားဖြစ်ကြောင်းနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အခုလက်ရှိ အရေးကြီးဆုံးကိစ္စဟာ စစ်ပွဲတွေ ထပ်မဖြစ်အောင် တားဆီးဖို့ဖြစ်ပြီး စစ်ပွဲကို အကြောင်းပြကာ တခြားနိုင်ငံတွေကို မကောင်းသတင်းဖြန့်တာ၊ နာမည်ဖျက်တာမျိုးတွေ မလုပ်သင့်ဘူးလို့ တရုတ်ဘက်က ဝေဖန်ပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံကို လာရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်မတိုင်ခင်မှာပဲ အခုလို ပိတ်ဆို့အရေးယူမှုတွေ ထွက်ပေါ်လာတာပါ။
အမေရိကန်က တရုတ်အနေနဲ့ အီရန်ဆီက ရေနံဝယ်ယူနေတာကို ရပ်တန့်ဖို့ ဖိအားပေးနေတာကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးတင်းမာလာနိုင်ပါတယ်။
လောလောဆယ်မှာတော့ တရုတ်ဘက်က သူတို့ကုမ္ပဏီတွေအပေါ် ထိခိုက်လာမယ့် အရေးယူမှုမှန်သမျှကို တုံ့ပြန်သွားဖို့ ပြင်ဆင်နေပါတယ်။
အီရန်စစ်ပွဲဂယက်ကြောင့် နိုင်ငံတကာ စီးပွားရေးအကျပ်အတည်း ဖြစ်နေချိန်မှာ အခုလို အင်အားကြီးနိုင်ငံတွေကြားက ပိတ်ဆို့မှုတွေက အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။






